စစ်ကိုင်းမြို့ မြို့မဈေးအနီးက ချင်းစုလမ်းဆုံမှာ ဇန်နဝါရီ ၁၉ ရက်နေ့ နေ့လယ်ပိုင်းက လမ်းသွားလမ်းလာပြည်သူတွေကို စစ်ဆေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လက်လုပ်ဗုံးနဲ့ တိုက်ခိုက်ခံခဲ့ရပါတယ်။
လက်လုပ်ဗုံးနဲ့ အတိုက်ခိုက်မခံရမီ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လမ်းသွားလမ်းလာပြည်သူတချို့ကို ဆိုင်ကယ်ရပ်ခိုင်းပြီး လမ်းဘေးမှာ ဒူးထောက်ခိုင်းတာတွေနဲ့ ငွေတောင်းခံတာတွေ ပြုလုပ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
“ဗုံးကွဲသံတော့ အတော်ကျယ်တယ်။ အထိခိုက်အခြေနေကတော့ ဘယ်သူမှ သွားမကြည့်ရဲလို့ မသိရသေးဘူးဗျ။ ဘယ်အဖွဲ့က လုပ်တယ်ဆိုတာလည်း မသိရသေးဘူး။ အခုလိုမဖြစ်ခင်ကတည်းက လာသမျှယောက်ျားသားတွေကို ဆိုင်ကယ်ရပ် ဒူးထောက်ခိုင်းပြီး စစ်ဆေးတာ။ ကျနော်တို့လည်း မြင်လို့ ပြန်လှည့်ပြေးခဲ့ရတယ်။ အမြဲပဲ လာသမျှကို အပြစ်မရှိအပြစ်ရှာပြီး ငွေညှစ်နေတာ။ မြို့ပေါ်က တချို့နေရာတွေလည်း သူတို့ (စစ်ကောင်စီ) က ကင်းပုန်းချထားတာတွေလည်း ရှိတယ်” လို့ စစ်ကိုင်းမြို့ခံတစ်ဦးက ပြောပါတယ်။
အခုလို လက်လုပ်ဗုံးနဲ့ တိုက်ခိုက်ခံရမှုကြောင့် ထိခိုက်မှုအခြေနေကို သိရအောင် သက်ဆိုင်ရာဌာနကို DVB က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားခြင်းမရှိခဲ့ပါဘူး။
စစ်ကိုင်းမြို့ပေါ်မှာတော့ ဗုံးနဲ့တိုက်ခိုက်ခံရပြီးနောက် လမ်းဆုံတချို့နေရာတွေမှာ အစစ်ဆေးတင်းကျပ်တာတေါ ရှိတယ်လို့ သိရပါတယ်။
ဆိုင်ကယ်တစ်စီးကို အမျိုးသားနှစ်ယောက်မစီးဖို့ စစ်ကောင်စီက ထုတ်ပြန်ပြီးနောက် စစ်ကိုင်းတိုင်းအတွင်းက မြို့တွေမှာ အမျိုးသားနှစ်ယောက် ဆိုင်ကယ်အတူစီးတာ တွေ့ရှိရင် အဆမတန်ငွေတောင်းတာတွေ၊ ဖမ်းဆီးတာတွေနဲ့ ပစ်ခတ်သတ်ဖြတ်တာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။