Home
မြန်မာသတင်း
ဝန်ကြီး ဦးအုန်းမြင့်ရဲ့ ပြောကြားချက် အရေးယူရန် လွှတ်တော်တွင် အရေးကြီးအဆိုတင်
ပီတာအောင်
·
February 4, 2014

မွေးမြူရေး၊ ရေလုပ်ငန်းနှင့်ကျေးလက် ဒေသ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်ရဲ့ ပြည်သူလူထုတွေကို ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး အမြန်ဆုံး အရေးယူမှုတွေ လုပ်ဆောင်ဖို့ ပြည်သူ့လွှတ်တော်မှာ အရေးကြီးအဆိုတရပ် တင်သွင်းလိုက်ပါ တယ်။

တနင်္သာရီတိုင်း ပုလုံးတုံတုံးကျေးရွာနဲ့ မကွေးတိုင်း၊ မကွေးမြို့နယ်၊ သစ်ရာကောက်ကျေး၇ွာ ၂ ခုမှာ ဒေသခံရွာသားတွေကို  ပြောကြားချက်တွေနဲ့ ပတ်သက်ပြီး အရေးယူဆောင်ရွက်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လောင်းလုံးမြို့နယ်  ပြည်သူ့လွှတ်တော် အမတ် ဦးအောင်စိုးက အရေးကြီး အဆိုတင်သွင်းခဲ့တာဖြစ်ပါတယ်။

[caption id="attachment_51235" align="alignleft" width="300"]ဦးအောင်စိုး အဆိုတင်သွင်းစဉ် ဦးအောင်စိုး အဆိုတင်သွင်းစဉ်[/caption]

“သူက ပြီးခဲ့တဲ့ ၂၀၁၃ အောက်တိုဘာ ၂၅ ရက်တုန်းကလည်း တနင်္သာရီတိုင်း ကော့သောင်းမြို့နယ် ပုလုံတုံးတုံး ကျေးရွာမှာ သူက ပြည်သူတွေကို စော်ကားပြီး ပါးရိုက်မယ်ဆိုပြီး ပြောခဲ့တယ်။ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂၈ ရက်ကလည်း မကွေးတိုင်းမှာ ထပ်ပြောတယ်။ အဲဒီမှာ နိုင်ငံရေးသမားတွေရော၊ ပါတီတွေရော၊ လွှတ်တော်ရော၊ ပြည်သူတွေရော စော်ကားတဲ့စကားတွေ ပါလာတဲ့အတွက် ကျနော်က အရေးကြီးအဆိုအဖြစ်နဲ့ တင်သွင်းခဲ့တာပါ။ ကျနော့်အဆိုက အမြန်ဆုံးဖြေရှင်းပေးဖို့ အစိုးရကို တိုက်တွန်းတဲ့ အဆိုဖြစ်ပါတယ်။ ဒါဟာ ပထမအကြိမ်အမှားမဟုတ်ဘူးလို့၊ ဒုတိယအကြိမ် ဖြစ်သွားပြီပေါ့။ အဲဒါကြောင့် လွှတ်တော်ရဲ့ အဆုံးအဖြတ် လိုချင်ပါတယ်လို့ ကျနော်က တင်သွင်းခဲ့တာပါ။”

ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်ကတော့  ၀န်ကြီး ဦးအုန်းမြင့်ကို အရေးယူဖို့ ကိစ္စနဲ့ပတ်သက်ပြီး ပြည့်ပြည့်စုံစုံ လေ့လာသုံးသပ်နိုင်ရန် လုံလောက်တဲ့ အချိန်ပေးဖို့ လွှတ်တော်မှာ လာရောက်ပြောကြားသွားပါတယ်။

“မပြောသင့်စားလုံးတွေ လွန်လွန်ကျုးကျုးပါတာ မှန်ပါတယ်။ ဒါပေမယ့်လည်း သူရဲ့ရည်ရွယ်ချက် ကျေးရွာလူထု လိုအပ်ချက်အတွက် အကူညီပေးဖို့ဖြစ်တယ်လို့ ယူဆနိုင်ကြောင်း၊ ဦးအုန်းမြင့်ဟာ သဘောရိုးနဲ့ပြောခဲ့တာလား၊ ဒါမှမဟုတ် ကောက်ကျစ်သော အကြံနဲ့ စေတနာမသန့်ဘဲနဲ့ ပြောတယ်ဆိုတဲ့အချက်ဟာ ဒီကိစ္စမှာ အရေးတကြီး ထည့်သွင်းစဉ်းစာရမယ့်အချက် ဖြစ်ပါတယ်။ အဲတော့ အစိုးရအဖွဲ့အနေနဲ့ ဒီကိစ္စကို လေ့လာသုံးသပ်တဲ့နေရာမှာ ဖြစ်နိုင်သမျှ တရားမျှတမှုရှိနိုင်ဖို့အတွက် ကျနော်တို့က အပေါ်ယံကလေး လေ့လာသုံးသပ်မလုပ်ချင်ပါဘူး။”

ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၂၈ ရက်က   မကွေး တိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ သစ်ရာကောက်ကျေးရွာမှာ ၀န်ကြီး ဦးအုန်းမြင့်က  ဒေသခံတွေနဲ့ တွေ့ဆုံရာမှာ ခုလို ပြောကြားသွားခဲ့ပါတယ်။

[caption id="attachment_51101" align="alignright" width="300"]ဦးအုန်းမြင့် ဒေသခံတွေကို ပြောကြားနေစဉ် ဦးအုန်းမြင့် ဒေသခံတွေကို ပြောကြားနေစဉ်[/caption]

"ဘာနိုင်ငံရေးသမားကိုမှ ဂရုမစိုက်ဘူး၊ ဗိုလ်ချုပ်အုန်းမြင့်ဆိုပြီး နယ်တကာလှည့်ပြီး ပါးရိုက်ရဲတယ်ကွ ဆိုပြီး မိန့်ခွန်းပြောလာတာ၊ ကျနော်ပြောတာ၊ ဘယ်နိုင်ငံရေးပါတီမှလည်း မကြောက်ဘူး။ တက်နေတဲ့ အစိုးရပေါ်မှာ စော်ကားတဲ့ကောင် တွယ်မှာပဲ။ ပါးစပ်နဲ့တွယ်လို့မရရင် အချုပ်ထဲထည့်မှာပဲ။ နိုင်ငံတကာမှာ ဒီလိုပဲကျင့်သုံးနေတယ်။ အစိုးရကို ဆန့်ကျင်တဲ့ကောင်ဆိုရင် မင်းအချုပ်ထဲသွားနေ၊ ငါတို့အစိုးရ ထွက်ရင်မင်းထွက် ဒါပဲ။"

အစိုးရအနေနဲ့ ဒီကိစ္စ အချိန်အတိုင်းအတာတခုထိ အရေးယူ  ဆောင်ရွက်မှု မရှိရင် အရေး ယူလာတဲ့အထိ ထပ်ပြီး ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ပြည်သူ့လွှတ်တော်အမတ် ဦးအောင်စိုးက ပြောပါတယ်။

ဝန်ကြီးဦးအုန်းမြင့်ရဲ့ ပြောကြားချက်နဲ့ ပတ်သက်ပြီး  မီဒီယာတွေမှာ ဝေဖန်ရေးသားကြသလို ကန့်ကွက်ဆန္ဒပြပွဲတွေလည်း  ရန်ကုန်မှာ ဖြစ်ပွားခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024