Home
မြန်မာသတင်း
ရေဦးမြို့နယ် လက်လံတံတားအနီးက ဈေးဆိုင်ခန်းများကို စစ်ကောင်စီက မီးရှို့ဖျက်ဆီး
DVB
·
January 20, 2022

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်က လက်လံတံတားအနီးကို ဇန်နဝါရီ ၁၉ ရက်နေ့ ည ၇နာရီခွဲအချိန်လောက်က စစ်ကောင်စီ ကား ၄ စီး ရောက်ရှိလာပြီး  ဆိုင်ခန်းတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ YUG မြို့ပြပြောက်ကျားတပ်ဖွဲ့က သိရပါတယ်။

ရေဦးမြို့လက်လံ တံတားဘက်ကို စစ်ကား အသေး ၄ စီးရောက်ရှိလာပြီး လက်လံတံတားအရှေ့ဘက်က ဆိုင်တစ်ဆိုင်ကို မီးရှို့ဖျက်ဆီးပြီး ရေဦး တမာတောလလမ်းကို ည ၉ နာရီလေလာက်မှာ ကားနှစ်စီး နဲ့ ဆက်လက်ထွက်ခွားတယ်လို့ မြို့ခံတွေကပြောပါတယ်။

စစ်ကောင်စီက မီးရှို့ခဲ့တဲ့ ဈေးဆိုင်တစ်ဆိုင်ကနေ တခြားဆိုင်ခန်း ဈေးဆိုင်တန်းတွေကိုပါ မီး ကူးလောင်သွားပြီး ဇန်နဝါရီ ၁၉ ရက်နေ့ ည ၁၀ နာရီကျော်အချိန်မှာတော့ ဈေးဆိုင်တန်းအားလုံးနီးပါး လောင်းကျွမ်းခဲ့ပြီး ၂ ခန်းသာ ကျန်ရှိတော့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

မီးသတ်က မီးကိုလာရောက်မငြှိမ်းသတ်တာကြောင့် ပုညကုသလ လူမှုကူညီရေးအသင်းက တတ်နိုင်သလောက် ငြှိမ်းသတ်ခဲ့ပေမယ့် ဈေးဆိုင်တန်းတွေ အကုန်နီးပါးလောင်ကျွမ်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“လက်လံနားက တူးမြောင်းအတက်ဘက်က လမ်းဘေးနေရာတွေပါ ဆိုင်ခန်းဆိုင်တန်းတွေ အကုန်မီးလောင်နေပြီ၊ လူမှုကူညီရေးအသင်းတွေကလည်း သူတို့တတ်နိုင်သလောက်တော့ လာငြှိမ်းပေးနေတယ်၊ မနိုင်လောက်ဘူး ဆက်လောင်မယ့်သဘောရှိတယ်။ မီးသတ်ကလည်းမလာဘူး။ ဘေးနားကတော့ အဲ့ဈေးဆိုင်နှစ်လုံးပဲရှိတော့တာပဲ အဲ့ဒါကုန်ရင် ဆက်ကူးစရာတော့မရှိတော့ဘူး၊ မီးအားကလည်း တအားကြီးတယ်” လို့ ရေဦးမြို့က မျက်မြင် ဒေသခံတစ်ဦးက ပြောပါတယ်။

ဈေးဆိုင်ခန်းတွေကို မီးရှို့ဖျက်ဆီးပြီး စစ်ကောင်စီကားသေးနှစ်စီးဟာ တောင်ကုန်း၊ အင်ပထိုး တဝိုက်မှာ ပျောက်သွားပြီး ကျေးရွာတွေအနေနဲ့ သူစိမ်းဝင်ရောက်လာမှုရှိမရှိကို သတိထားစောင့်ကြည့်ကြဖို့ ရေဦးမြို့ ဒေသခံတွေက သတိပေးထားပါတယ်။

ရေဦးမြို့နယ် လက်လံ တံတားအနီး တူးမြောင်းအတက်ဘက်ဘေးမှာရှိတဲ့ လမ်းဘေးဆိုင်ခန်းတွေကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024