မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်မှာ ဇန်နဝါရီလ ၁၈ ရက်နေ့ ညနေပိုင်းက ရေနံတွင်းတွေကို စစ်ကောင်စီတပ်တွေ ဝင်ရောက်မီးရှို့ဖျက်ဆီးသွားကြတယ်လို့ ရေနံလုပ်ငန်းလုပ်ကိုင်သူတွေဆီကနေ သိရပါတယ်။
မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ် အစပ်က သပြေညို ရေနံမှော်မှာ မနေ့ညနေ ၄ နာရီလောက်မှာ စစ်ကောင်စီတပ်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်လာပြီး ရေနံတွင်း ၁၅ တွင်းလောက်နဲ့ ဆီပီပါတွေကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ရေနံလုပ်ငန်းရှင်တစ်ယောက်က ပြောပါတယ်။
“စစ်ကောင်စီတပ်တွေဟာ ပြည်သူတွေဆီကနေ ရေနံကျင်းတစ်ကျင်းကို ၅၀၀၀၀ ကျပ်တောင်းတယ်။ တချို့ကျင်းပိုင်တွေက သူတို့တောင်းတဲ့ငွေကို ပေးလိုက်ရတယ်။ သူတို့ကို ကြောက်လန့်ပြီးတော့ ထွက်ပြေးနေတဲ့ သူတွေရဲ့ ရေနံကျင်းတွေနဲ့ ဆီပေပါတွေကို မီးရှို့ ဖျက်ဆီးသွားကြတာ။ ကျွန်တော်တို့မှာ ဒီရေနံကျင်းတစ်ကျင်း အောင်မြင်ဖို့အတွက်ကို ရှယ်ယာတွေစုပြီးတော့မှ သိန်းရာနဲ့ချီ ရင်းနှီးမြှုပ်နှံထားရတာ။ ဒါတောင် မြေအောက်ထဲရှိတဲ့ ရေနံက ထွက်မယ်မထွက်ဘူးဆိုတာ မသေချာဘူး။ ရေနံတူးလို့ ဆုံးရှုံးသွားတဲ့ သူတွေကအများကြီးပဲ။ စစ်ကောင်စီတပ်တွေက ပြည်သူတွေရဲ့ စီပွားရေးကို ဖျက်ဆီးတာဟာ လူမဆန်တဲ့ လုပ်ရပ်ဖြစ်တယ်။”
စစ်ကောင်စီတပ်တွေဟာ မြိုင်မြို့နယ်ကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်း ၅ ကြောင်းခွဲကာ ထိုးစစ်ဆင်နေပြီး ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေပြုလုပ်သလို ကျေးရွာတွေက နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ဆိုပါတယ်။
မြိုင်မြို့နယ်အတွင်းက ကျေးရွာ ၁၀ ရွာလောက်က ဒေသခံပြည်သူ ၂၀၀၀၀ ကျော်လောက်ဟာ စစ်ကောင်စီတပ်တွေ ထိုးစစ်ဆင်နေလို့ ဖမ်းဆီးနှိပ်စက်မှာကို ကြောက်လန့်ပြီး ဘေးလွတ်ရာ ထွက်ပြေးတိမ်ရှောင်နေကြရသလို စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ အကူညီလိုအပ်နေတယ်လို့ သိရပါတယ်။