Home
ဆောင်းပါး
ခရမ်းဦးတင်မောင်ဝင်း ဝေးကွာခြင်း ၃၁
DVB
·
January 19, 2022

ဘဝအသက်၊ ပေးဆက်ခဲ့သည်

ပြည်သူ့အတွက်၊ ရှေ့ထွက်ခေါင်းဆောင်

ဦးတင်မောင်ဝင်း၊ ကြယ်မင်းကြွေခဲ့

သုံးဆယ့်တနှစ်၊ ကြာပြီဖြစ်လည်း

ရင်ထဲ ထာဝရရှိနေသူပါ။ ။ 

ခရမ်း ဦးတင်မောင်ဝင်း အင်းစိန်ထောင်မှာ ကွယ်လွန်(ကျဆုံး)ခဲ့ရတာ ဒီနေ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်မှာ ၃၁ နှစ် ပြည့်ပါပြီ။ နှစ်စဉ် ဒီနေ့ရက်ရောက်တိုင်း ရန်ကုန်၊ တာမွေမြို့နယ်၊ ဗိုလ်စိန်မှန်ရပ်ကွက် နေအိမ်မှာ နှစ်ပတ်လည် ဆွမ်းကျွေးပွဲ ပြုလုပ်ပါတယ်။ ဒီပွဲကို ဒေါ်အောင်ဆန်းစုကြည် (အကျယ်ချုပ်ကျမနေဘဲ) အပြင်မှာ လွတ်လွတ်လပ်လပ် ရှိနေချိန်တိုင်းမှာ တက်ရောက်ပါတယ်။ ဒါဆိုရင် ဒီနှစ်ကတော့ ဦးတင်မောင်ဝင်းအတွက် ဆွမ်းကျွေးပွဲကို ဒေါ်အောင်ဆန်းစုကြည် မတက်ဖြစ်မှာ သေချာတာပေါ့။ 

၂၀၁၂ ခုနှစ်က ၂၁ နှစ်မြောက် ဦးတင်မောင်ဝင်း နှစ်ပတ်လည်ပွဲကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက်ခဲ့ပါတယ်။ အဲဒီတုန်းကဆို အောင်ဆန်းစုကြည်က “ရဲဘော်ရဲဘက်တွေ အချင်းချင်း တဦးနှင့်တဦး သစ္စာတွေ မေတ္တာတွေ ထားပြီး အလုပ်လုပ်လာကြတာပါ၊ အဲဒါကြောင့် အခုအထိ ကျမတို့ ရပ်တည်နိုင်တာပါ၊ ကျမတို့ကို ထောက်ခံတဲ့သူတွေကို အမြဲပဲ ကျေးဇူးတင်ပါတယ်” လို့ နှစ်ပတ်လည်ပွဲကို ရောက်ရှိလာတဲ့ ပရိသတ်တွေနဲ့ ပြည်တွင်း ပြည်ပ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

ဦးတင်မောင်ဝင်း(ခရမ်း) ဟာ ၁၉၉၀ ပြည့် ရွေးကောက်ပွဲမှာ ခရမ်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်အရွေးခံခဲ့ရပြီးနောက် စစ်ထောက်လှမ်းရေး ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်လက်ထက် ထောင်သွင်း အကျဉ်းကျခံရပြီး ထောင်တွင်း လပိုင်းပဲ နေခဲ့ရပြီး ရုတ်တရက် သွေးကင်ဆာရောဂါနဲ့ သေဆုံးသွားပြီလို့ အာဏာပိုင်တွေဘက်က မိသားစုဝင်တွေကို အင်းစိန်ထောင်အထိ ခေါ်ယူ အကြောင်းကြားခံခဲ့ရတာ ဖြစ်ပါတယ်။ 

ဦးတင်မောင်ဝင်း(ခရမ်း)ဟာ ၁၉၉၁ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့မှာ ကွယ်လွန်ခဲ့လို့ အခု ၂၀၂၂ ခုနစ် ဇန်နဝါရီလ ၁၈ ရက်နေ့ဟာ ၃၁ နှစ်ပြည့်မြောက်တဲ့နေ့ပဲ ဖြစ်ပါတယ်။

ခရမ်းဦးတင်မောင်ဝင်းအကြောင်း (ဝီကီပီးဒီးယားမှ)

ဦးတင်မောင်ဝင်းသည် ၁၉၉၀ အထွေထွေရွေးကောက်ပွဲတွင် ခရမ်းမြို့နယ်မဲ ဆန္ဒနယ် အမှတ် (၂) မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား ကိုယ်စားပြု၍ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ခိုင်လုံမဲ (၁၇၄၂၈) မဲ၊ စုစုပေါင်း မဲရာခိုင်နှုန်း (၆၀.၄၃) ဖြင့် ရွေးချယ်တင်မြှောက်ခြင်း ခံခဲ့ရသည်။ ခရမ်းမြို့ ဇာတိ ဖြစ်သည်။ ၁၉၄၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့ဖွား ဖြစ်သည်။ ဦးမြို့၏သား ဖြစ်သည်။ ဦးတင်မောင်ဝင်းသည် ခရမ်းမြို့ အစိုးရအထက်တန်းကျောင်း၊ ရေကျော် မက်သဒစ်နှင့် ရန်ကုန်မြို့ မြို့မ အထက်တန်းကျောင်းတို့တွင် ဆယ်တန်း အောင်မြင်သည်အထိ ပညာသင်ကြားခဲ့ပြီးနောက် ၁၉၅၇ - ၅၈ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်သို့ တက်ရောက်ခဲ့သည်။

ခရမ်းမြို့နယ် ကျောင်းသားသမဂ္ဂ အတွင်းရေးမှူး၊ တက္ကသိုလ် ခရမ်းမြို့နယ်အသင်း၊ ဟံသာဝတီ ခရိုင်အသင်း၊ ကလောင်ရှင်အသင်း၊ သဟာယနှင့်စာဖတ်အသင်းများတွင် ရှေ့တန်းက ပါဝင်၍ ဗကသများအဖွဲ့ချုပ်နှင့် တကသအဖွဲ့ဝင်၊ ကျောင်းသားညီညွတ်ရေးတပ်ဦး တွဲဖက်အတွင်းရေးမှူးနှင့် သဘာပတိအဖွဲ့ဝင်၊ ၁၉၆၂ ခုနှစ်၊ ဇူလိုင် အရေးအခင်းတွင် ရန်ကုန်တက္ကသိုလ် ကျောင်းသားအခွင့်အရေးကာကွယ်မှု တိုက်ပွဲကော်မတီ ဥက္ကဋ္ဌ၊ ၁၉၆၃ ခုနှစ်မှ ၁၉၇၀ ပြည့်နှစ်အထိ လုံခြုံရေး ပုဒ်မ (၅) ဖြင့် ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရကာ ထောင် ၇ နှစ် ကျခဲ့သည်။ ထောင်မှ လွတ်ပြီးနောက် ခရမ်းမြို့နယ်ရှိ မိသားစုပိုင် ဆန်စက်တွင် မန်နေဂျာအဖြစ် လုပ်ကိုင်ခဲ့သည်။

၁၃၅၀ ပြည့် (၁၉၈၈ ခုနှစ်)၊ ပြည်သူ့ဒီမိုကရေစီ အရေးတော်ပုံကြီးတွင် စစ်ပြီးခေတ်နှင့် လွတ်လပ်ရေးခေတ် ကျောင်းသားသမဂ္ဂဝင်ဟောင်းများ ကော်မတီတွင် ပါဝင်လှုပ်ရှားခဲ့သည်။ အရေးတော်ပုံကြီးအပြီး နိုင်ငံရေးပါတီများ ဖွဲ့စည်း တည်ထောင်သောအခါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၌ ပါဝင်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန်တိုင်း စည်းအဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့သည်။

ဦးတင်မောင်ဝင်းသည် ဦးမောင်ကိုနှင့် သူငယ်ချင်း ဖြစ်သည်။ ခရမ်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ ဦတင်မောင်ဝင်းနှင့် ယှဉ်ပြိုင်ဘက် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ဦးဇော်ဝင်း (အငြိမ်းစားဗိုလ်မှူးကြီး ဇော်ဝင်း) မဆလခေတ် နိုင်ငံတော်ကောင်စီဝင်ဟောင်း၏ ညီအရင်း ဖြစ်သည်။ ၁၉၉၀ ပြည့်နှစ်၊ အောက်တိုဘာလတွင် ဖမ်းဆီးထိန်းသိမ်း ထောင်ဒဏ်ချမှတ်ခြင်း ခံခဲ့ရပြီး နဝတ စစ်ထောက်လှမ်းရေးများ၏ ညှဉ်းပန်းနှိပ်စက်မှုကြောင့် ၁၉၉၁ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ထောင်တွင်း၌ သေဆုံးသွားခဲ့သည်။

“ထောင်တွင်း ကျဆုံးသူများ”

ကျန်းမာရေးကောင်းလျက်သား ခေါင်းဆောင်တွေဟာ အဲဒီအချိန်က ထောင်တွင်း အစာအဟာရ၊ နှိပ်စက်မှုနဲ့ ဆေးဝါးကုသမပေးတာတွေကြောင့် ကျဆုံးခဲ့ကြရတာပါ။ ဒီလို အသက်ပေးခဲ့ရသူတွေထဲမှာ ခရမ်းဦးတင်မောင်ဝင်းနဲ့တကွ စာရေးဆရာ မောင်သော်က၊ ဦးအောင်မေသု၊ ဦးမောင်ကို၊ ဦးခင်မောင်မြင့်၊ ဦးညိုဝင်း၊ ရန်ကြီးအောင်စိန်ဝင်း၊ ကိုသက်ဝင်းအောင်၊ ဦးသိန်းတင်၊ မုံရွာတင်ရွှေနဲ့ ဗိသုကာဦးကျော်မင်းတို့ အပါအဝင် နိုင်ငံရေးအကျဉ်းသား ၃၀၀ ဝန်းကျင်ရှိပါရဲ့။ ထောင်တွင်း အသက်ဆုံးခဲ့ရသူတွေအကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်း ဆရာမောင်ဝံသက ခုလို ရေးခဲ့တယ်။ 

“နိုင်ငံရေးအကျဉ်းသား ဦးခင်မောင်မြင့်၊ ရန်ကြီးအောင်ကိုစိန်ဝင်း၊ မုံရွာတင်ရွှေ၊ မောင်သော်က၊ ခရမ်းကိုတင်မောင်ဝင်း၊ ရန်ကုန်တိုင်း ဦးသိန်းတင်(တင်သိန်းမောင်)၊ ဗိသုကာဦးကျော်မင်းတို့ကို မြင်ယောင်နေမိတယ်။ ရန်ကြီးအောင်စိန်ဝင်းဟာ  တွဲဘက်ထောင်မှာ ကျွန်တော့်ရှေ့မှာတင် အသည်းရောဂါနဲ့ မရှူနိုင်မကယ်နိုင်အချိန်ကျမှ ဆေးရုံပို့တယ်။ ခရမ်းကိုတင်မောင်ဝင်းက ရေကြည်အိုင်မှာ ကျွန်တော်တို့ အတူနေရစဉ်ကတည်းက သွေးဝမ်းတွေ သွားနေပြီ။ အင်းစိန်ထောင် ရောက်တော့ ဗိသုကာဦးကျော်မင်းရယ်၊ ကိုတင်မောင်ဝင်းရယ်၊ ကျွန်တော်ရယ် တခန်းတည်း နေကြရသေးတယ်။ အဲဒီအချိန် ကိုတင်မောင်ဝင်း မလှုပ်နိုင်လောက်အောင် ဖြစ်နေပါပြီ။ ကျွန်တော် သူ့ကို ကျောတွေ ပေါင်တွေတက် တက်နင်းပေးတယ်။ ဒီလိုနဲ့ သူအကြောတွေ တက်နေတာ သက်သာရာနည်းနည်းရသပေါ့။ သုံးယောက်ပေါင်းက တနေ့နဲ့ တညလုံး ထုတ်ထားတဲ့ ချေးခွက် သေးခွက် ဂန်ဖလားတွေကို မနက်စောစော မိလ္လာချချိန်မှာ ကျော်မင်းနဲ့ ကျွန်တော်က အပြင်မှာ သွားသွန်ကြရတယ်။ ရေမလုံလောက်လို့ သေချာမဆေးနိုင်တဲ့ ဂန်ဖလားတွေ ပြန်သွင်းလာရတယ်။ ရက်အတော်ကြာတော့ ကျွန်တော်တို့ကို လူချင်းခွဲ တနေရာစီ တခန်းစီထားတယ်။ ကိုတင်မောင်ဝင်းကို တနေ့မနက်မှာ ထမ်းစင်ကြီးနဲ့တင်ပြီး ထောင်ဆေးရုံပို့တယ်။ မကြာပါဘူး။ ဆုံးသွားပြီလို့ သတင်းကြားရပါတယ်။ ဆရာမောင်သော်ကကို ၁၉၉၁ အင်းစိန်ထောင်မကြီးမှာ သူက ၂ တိုက်၊ ကျွန်တော်က ၃ တိုက်မှာရှိကြစဉ် ဆရာ ရေချိုးထွက်တာကို လှမ်းနှုတ်ဆက်လိုက်ရသေးတယ်။ နေ့လယ်ကျတော့ ဦးနှောက်သွေးကြောပြတ်လို့ ဆေးရုံပို့ လိုက်ပြီတဲ့။ နောက်နေ့ကျတော့ ဆုံးသွားပြီတဲ့။ ၁၉၉၆ မှာ ကျွန်တော်တို့ ပုဒ်မ ၁၀(က) နဲ့ ပြန်ဝင်ရတော့ တွဲဘက်ထောင် ကျွန်းတိုက်မှာ အတူနေတဲ့ထဲက ကိုတင်သိန်းမောင် အသည်းရောဂါနဲ့ အချိန်လွန်မှ ဆေးရုံတင်လို့ ဆုံးရှာတယ်။ ဗိသုကာဦးကျော်မင်းလည်း ဆေးရုံတင်ပြီး ကုလို့မရတဲ့ အခြေအနေရောက်တော့ ပြန်လွှတ်ပေးတယ်။ အပြင်မှာ ဆုံးသွားတယ်။”

ဒါက ဆရာမောင်ဝံသရဲ့ ဦးတင်မောင်ဝင်း အပါအဝင် ထောင်တွင်းကျဆုံးခဲ့သူတွေအကြောင်း ရေးသားထားချက်ကို ပြန်လည်ဖော်ပြတာပါ။ ဒီနေ့ နွေဦးတော်လှန်ရေးကာလမှာတော့ ဦးတင်မောင်ဝင်းတို့ထက် အဆမတန်ဆိုးတဲ့ နှိပ်စက်မှုတွေ ခံနေကြရပါပြီ။ နေ့ခင်း ဖမ်းသွားပြီး ညတွင်းချင်း သေဆုံးသွားတာတွေ။ စစ်ကြောရေးမှာ သေကြရသူတွေဟာ အရမ်းများနေပါပြီ။ ဒီနေရာမှာ အလျဉ်းသင့်လို့ ဦးတင်မောင်ဝင်း ကွယ်လွန်တဲ့ ၂၁ နှစ်ပြည့် ဆွမ်းကျွေးပွဲ ဖိတ်စာပါ ကဗျာလေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ 

ကြာခဲ့ပါပြီ။
နှစ် နှစ်ဆယ်ကာလခရီး
ခါးဆည်းပြီး လျှောက်ခဲ့သည်။
အဖြစ်သနစ်တွေက
နှစ်နှစ်တွေ အခါခါပြောင်းသော်လည်း
အသစ်အသစ်သာ ထင်လာမဟောင်းနိုင်ဘု။ 
အပင်ကိုချိုင်
အခက်အလက်တွေ ဖြိုင်ဖြိုင်ထွက်သလိုပ
ဖြေရခက်ကြီး။
တခါခံ နှစ်ခါခံ                                                                                                                                                                           
အသာစံ တကြိမ်ကြုံစမြဲမို့                                                                                                                                                     အားခဲလို့ ရှေ့ကိုဆက်
မျှော်လင့်ချက်ခရီး ။ ။                                                 

ဒါကတော့ ခရမ်းဦးတင်းမောင်ဝင်းရဲ့  ၂၁ နှစ်မြောက် ကွယ်လွန်နှစ်ပတ်လည် ဆွမ်းကျွေးပွဲ ဖိတ်စာပါ ကဗျာလေး ဖြစ်ပါတယ်။

ဒီဆောင်းပါး အမှတ်တရစာစု ရေးနေချိန်မှာတော့  (နှစ်သုံးဆယ်ကာလခရီး ခါးဆည်းပြီး လျှောက်ခဲ့ ကြသည်။) လို့ ရေးဖွဲ့ကြရတော့မှာပေါ့။  ဒီကဗျာလေးကို ဖိတ်စာမှာထည့်ဖို့ ဘယ်သူရေးသလဲ မသိပေမဲ့ ဦးတင်မောင်ဝင်းရဲ့ဇနီး စာရေးဆရာမ ခင်လှိုင်ကြူ ရေးတာ ဖြစ်နိုင်ပါတယ်။ ကျနော် ထင်တာ မလွဲရင်ပေါ့။

ဆရာမကြီး ခင်လှိုင်ကြူဟာ သူ့ခင်ပွန်းအတွက် ရင်ကဖြစ်လာတဲ့ ကဗျာတွေ စပ်ခဲ့သလို ဦးတင်မောင်ဝင်းအကြောင်းကို “လွမ်းလေသမျှ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်ရှိရေးအတွက် အစဉ်တစိုက် တိုက်ပွဲဝင်ခဲ့သူတယောက်အကြောင်း” စာအုပ်ရေးခဲ့ပါတယ်။ ဒီစာအုပ်ခေါင်းစဉ် “လွမ်းလေသမျှ”ကို ကဗျာဆရာကြီး ဦးတင်မိုးရဲ့ “ခွပ်ဒေါင်းရဲဘော်” ကဗျာရဲ့ အဆုံးသတ် လွမ်းလေသမျှ ပန်းခွေချ၍ ဂုဏ်ပြုရလိမ့်တကား စာသားကို ယူထားတာပါ။ 

“ခွပ်ဒေါင်းရဲဘော်”

(ခရမ်း ကိုတင်မောင်ဝင်း သို့ … )

ကြီးမြတ်သော စိတ်ထား

ကြံ့ခိုင်သော မာန်အားနှင့်

သင်ကား ဘဝပြောင်းခဲ့ပြီ။

ကြွေရှာလေ တရွက်နှစ်ရွက်

မြေမှာလေ သက်ခဲ့ရ

ဖြေစရာ အကွက်မမြင်သာ

ရင်နာဖွယ် ကြုံရသည်။

ခွပ်ဒေါင်းအလံ သင်ကိုင်၍

တို့နိုင်ငံ အလင်းရောင်ရစေဖို့

သင့်ဘဝ မြှုပ်ခဲ့သည်

ဇာနည်ကွဲ့ ယောကျ်ား။

ကိုယ်ကျိုးစွန့်၍ သေခြင်းကား

မြင့်မြတ်သော သေခြင်းဖြစ်၍

ထွန်းသစ်သော သင့်ဂုဏ်ရောင်

တို့ခေတ်ကို အလင်းဆောင်လိမ့်

အောင်ပွဲတွေ တသီတတန်းနဲ့

လွမ်းလေသမျှ

ပန်းခွေချ၍ ဂုဏ်ပြုကြလိမ့်တကား။ ။

( တင်မိုး)

(ခရမ်း ကိုတင်မောင်ဝင်း ၁၈-၁-၉၁ နံနက်က ဆုံးသည်)

(ကိုတင်မောင်ဝင်း ဂုဏ်ပြုကဗျာ)

ဦးတင်မောင်ဝင်းနဲ့ ပတ်သက်တဲ့ စာကဗျာတွေထဲမှာ ကင်ဆာ ဆိုတာကလည်း ထင်ရှား သိမှတ်နေတတ်ကြပါတယ်။ ရုတ်တရက် သေနိုင်တဲ့ ရောဂါမျိုးမရှိပဲ ထောင်တွင်းမှာ အရိုးအပြိုင်းပြိုင်းနဲ့ ကွယ်လွန်သွားပြီးမှ ကင်ဆာကြောင့်လို့ ထောင်ဆရာဝန်က အမည်တပ်ခဲ့ပါတယ်။ ဒါကို ဈာပနပန်းခွေမှာ အောက်ပါအတိုင်း ရေးသားဖော်ပြပြီး မကျေနပ်ကြောင်း ဆန့်ကျင်ကြောင်းပြခဲ့ကြပါတယ်။

လူကို သတ်တာ

ကင်ဆာတဲ့လား 

ကင်ဆာ ကျဆုံးပါစေ။ ။ 

ဦးတင်မောင်ဝင်းဟာ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ခေါင်းဆောင်တဦးပါ။ ရန်ကုန်တိုင်း တာဝန်ခံပါ။ NLD အာဏာရချိန်မျိုးမှာ ရန်ကုန်တိုင်း ဝန်ကြီးချုပ်တာဝန်အထိ ဖြစ်လာနိုင်သူလို့ ခန့်မှန်းခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အားအထားရသူ တယောက်လည်း ဖြစ်တာကိုး။ ပြီးတော့ သူက သမ္မတကြီး ဦးဝင်းမြင့်တို့ ကရင်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်တို့လို “ငါ့ကို သတ်ရင်သတ် ယုံကြည်ချက်ကိုတော့ မစွန့်လွှတ်ဘူး” ဆိုတဲ့သူ။ ဒါကြောင့်လဲ NLD  အမာ ခေါင်းဆောင်လို့ ယူဆပြီး ခင်ညွန့်ထောက်လှမ်းရေးက သူ့ကို ပညာပါပါ ရက်ရက်စက်စက် သတ်ပစ်ခဲ့တာပါ။ သမိုင်းဝင်စကားတွေထဲမှာ ဦးတင်မောင်ဝင်း သေတော့ ဦးတင်မောင်ဝင်းရဲ့ အစ်ကိုဖြစ်သူ တစည ပါတီက ဗိုလ်မှူးကြီးဇော်ဝင်းကို ဗိုလ်ချုပ်မှူးကြီးစောမောင်က “ကိုဇော်ဝင်းရေ လက်လွန်သွားတယ်ကွာ။ ဆောရီးပဲ” လို့ ပြောခဲ့ပါတယ်။ ဗိုလ်မှူးကြီးဇော်ဝင်းကလည်း “ကျုပ်ညီဟာ ခံရမယ်ဆိုတာ သိပါတယ်။ ဒီလောက် ဒီလို အခြေအနေကြီးနဲ့ ဆိုးဆိုးဝါးဝါး သေရလိမ့်မယ်လို့တော့ မတွေးခဲ့မိဘူး။” လို့ သံဝေဂနဲ့ ပြောသွားခဲ့ဖူးပါတယ်။ 

တချို့က ပြောကြတယ်။ ဆဲဗင်းဂျူလိုင်အကြောင်း၊ ဆလိုင်းတင်မောင်ဦးအကြောင်း၊ နီအောင်မေသု၊ ရန်ကြီးအောင်စိန်ဝင်း၊ မောင်သော်က၊ ဦးခင်မောင်မြင့်၊ ဦးတင်မောင်ဝင်းအကြောင်း စတာတွေ ရေးပြီး ဘာလို့ ချေးခြောက်ရေနှူး နေကြရတာလဲတဲ့။ ဟောင်းခဲ့ပြီတဲ့။ ကျွန်တော်တို့ မမေ့နိုင်သူတွေကတော့ နှစ်စဉ် နှစ်တိုင်း ဖော်ပြ ရေးပြနေကြရတာဟာ မတရားလုပ်ခဲ့ကြပြီးမှ နှိပ်စက်သူ လူသတ်သမား တရားခံ စစ်အာဏာရှင်ဟာ သူ မလုပ်ခဲ့သလို ပုံဖော်နေတာကို မီးမောင်းထိုးလိုတာ ဖြစ်ပါတယ်။ 

အခုဆိုရင်တော့ ပိုရှင်း ပိုထင်းလာနေပါပြီ။ ဦးတင်မောင်ဝင်းတို့ကို ဖမ်း နှိပ်စက် သေစေခဲ့သလို နွေဦးတော်လှန်ရေး လှုပ်ရှားသူတွေကို စစ်ကောင်စီက ၁ နှစ်နီးပါးအတွင်း သတ်ခဲ့တာ ၁၄၈၃ ယောက် ရှိသွားခဲ့ပါပြီ။ ခရမ်း ဦးတင်မောင်ဝင်း ကွယ်လွန်ခြင်း ၃၁ နှစ်ပတ်လည် ဒီနေ့မှာ နောင်တော် ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင်ခဲ့သူတွေနဲ့ ကျဆုံးခဲ့သူတွေအတွက် နွေဦးတော်လှန်ရေး အောင်ပွဲခံတဲ့အထိ ပြည်တွင်း ပြည်ပ ပြည်သူလူထုကြီးက လူအား ငွေအား အကြံဉာဏ်အား ပညာအား စိတ်ဓာတ်အားတွေ အစွမ်းကုန်သုံးပြီး တိုက်ပွဲဝင်ကြပါတော့လို့ တိုက်တွန်းလိုက်ပါရဲ့ခင်ဗျာ။ 

မောင်တူး

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024