မက္ကဆီကိုတွင် ဓာတ်ပုံသတင်းထောက်တစ်ယောက် နေအိမ်ရှေ့ သေနတ်ဖြင့် ပစ်သတ်ခံရ

မက္ကဆီကိုနိုင်ငံမြောက်ပိုင်း နယ်စပ်မြို့ဖြစ်တဲ့ တီဟွာနာမြို့မှာ ဓာတ်ပုံသတင်းထောက်တယောက် နေအိမ်အပြင်ဘက်မှာ ခေါင်းကိုသေနတ်နဲ့ပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ အရာရှိတွေက ဇန်နဝါရီ ၁၇ ရက်မှာ ပြောပါတယ်။
အသက် ၄၉ နှစ်အရွယ် မာဂရီတို မာတီးနက်ဇ်ဟာ တီဟွာနာမြို့ကို ခြိမ်းခြောက်နေတဲ့ အုပ်စုဖွဲ့ ရာဇဝတ်မှုတွေ၊ အကြမ်းဖက်မှုတွေကို ပြည်တွင်းနဲ့ နိုင်ငံတကာ မီဒီယာအတော်များများအတွက် အစီရင်ခံရင်း မြို့ထဲမှာ ဆယ်နှစ်ကျော် အလုပ်လုပ်ခဲ့သူပါ။
နေအိမ်အပြင်မှာ သေနတ်နဲ့ပစ်ခံရပြီး ခေါင်းမှာဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ မာတီးနက်ဇ် အလောင်းကို အရာရှိတွေက တွေ့ခဲ့တယ်လို့ တီဟွာနာ အစိုးရ ရှေ့နေချုပ်ရုံးက ပြောပါတယ်။
မူးယစ်ဂိုဏ်းတွေရဲ့ နယ်မြေလုစစ်ပွဲအတွင်း ပဋိပက္ခတွေကြောင့် တီဟွာနာမြို့ဟာ မက္ကဆီကို နိုင်ငံအတွင်း အရက်စက်ဆုံး မြို့တွေထဲကတခု ဖြစ်လာနေပါတယ်။