ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်ထဲမှာ ဇန်နဝါရီ ၁၈ ရက် မနက်ပိုင်းက မီတာမဆောင်တဲ့အိမ်တွေကို လျှပ်စစ်ဌာနဝန်ထမ်းတွေက စစ်ကောင်စီတပ်တွေပါ ခေါ်ပြီး တစ်လမ်းဝင်တစ်လမ်းထွက် မီးလိုက်ဖြတ်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဗဟိုလမ်း၊ သံတံတားလမ်း၊ အင်္ဂပူလမ်း၊ တရုတ်ကျောင်းလမ်းတလျှောက် မီတာမဆောင်တဲ့ အိမ်တွေကို လိုက်ဖြတ်နေတာဖြစ်ပြီး မီတာဆောင်ထားတဲ့ အထောက်အထား မပြနိုင်ရင် ချက်ချင်းမီးဖြတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စမ်းချောင်းမှာ နေထိုင်သူတဦးက "မီတာစာရွက်ပြခိုင်းတာ ဆောင်ထားလား၊ မဆောင်ထားဘူးလား စစ်တာ။ မဆောင်ထားရင် မီးဖြတ်သွားတယ်။ မီတာက ဆောင်ဆောင် မဆောင်ဆောင် မီးက ခဏခဏ ပျက်နေတာ။ ဆောင်လည်း ဘာမှ သိပ်မထူးဘူး။ ပျက်ချင်တဲ့ အချိန်ပျက်နေတာလေ" လို့ ပြောပါတယ်။
မီတာလိုက်ဖြတ်ပြီးနောက် စမ်းချောင်းမြို့နယ်အတွင်း စစ်ကောင်စီ လက်နက်ကိုင်တပ်သားတွေ ကားနဲ့ လှည့်လည်နေခဲ့တယ်လို့လည်း သိရပါတယ်။
ရန်ကုန်မှာ လတ်တလော သတင်းပတ်တွေမှာ လျှပ်စစ်မီး အကြိမ်ကြိမ်ပျက်နေတဲ့ အတွက် အိမ်ရှင်မတွေနဲ့ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူတွေ အခက်ကြုံနေကြရပါတယ်။