ဒုံးကျည်ပစ်လွှတ်မည့်အစား ငြိမ်းချမ်းရေးဆွေးနွေးရန် မြောက်ကိုရီးယားကို တောင်ကိုရီးယားက တိုက်တွန်း

တောင်ကိုရီးယားရဲ့ နှစ်နိုင်ငံပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနက မြောက်ကိုရီးယားအနေနဲ့ ဒုံးကျည်တွေ အကုန်ကျခံပြီး ပစ်လွှတ်ပြနေတာထက်  နှစ်ဖက် ငြိမ်းချမ်းရေးဆွေးနွေးတဲ့လမ်းကိုသာ ရွေးချယ်ပါလို့ တိုက်တွန်းလိုက်ပါတယ်။

မြောက်ကိုရီးယားက အခုရက်ပိုင်း ပြုံယမ်းမြို့ ဆူနန်လေတပ်ကနေ တာတိုပစ်ဒုံးကျည်နှစ်စင်း ဆက်တိုက် ပစ်လွှတ်ခဲ့ပြီး၊ ဇန်နဝါရီလအတွင်း ၄ ကြိမ်‌မြောက် စမ်းသပ်ပစ်လွှတ်မှုဖြစ်တယ်လို့ တောင်ကိုရီးယားစစ်တပ်က  ဇန်နဝါရီ ၁၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ 

မြောက်ကိုရီးယားရဲ့ ဒုံးကျည်ဆက်တိုက်ပစ်လွှတ်နေမှုအပေါ် တောင်ကိုရီယားနိုင်ငံသားတွေ ကြားမှာလည်း အမြင်အမျိုးမျိုး ရှိနေတာပါ။ စိုးရိမ်သူအချို့က အစိုးရကို စစ်ရေး အသင့်ပြင်ထားခိုင်းပြီး တချို့က ထုံးစံအတိုင်းလုပ်နေကြမို့ စိုးရိမ်စရာမရှိဘူးလို့ မြင်ကြတာပါ။

ဆိုးလ်မြို့ရှိ မြောက်ကိုရီးယားလေ့လာရေးဌာန ပါမောက္ခ ယန်မိုဂျင်းက “အမေရိကန်က မြောက်ကိုရီးယားကို စီးပွားရေးပိတ်ဆို့မှုအသစ်တွေ လုပ်လိုက်တာကြောင့် သမ္မတကင်မ်က ဒုံးကျည်တွေပစ်ပြီး တုံ့ပြန်ပြနေတာပါ၊ တောင်ကိုရီးယားကိုလည်း အမေရိကန်နဲ့ စစ်ရေးပူးတွဲလေ့ကျင့်မှုတွေ ရပ်တန့်ဖို့ ဖိအားပေးနေတာပါ” လို့ ပြောပါတယ်။

အခုရက်ပိုင်း မြောက်ကိုရီးယားက ပစ်လွှတ်ခဲ့တဲ့ အသံထက်မြန်တဲ့ ဒုံးကျည်အပါအဝင် တာတိုပစ်ဒုံးကျဉ် (SRBM) တွေဟာ ပြင်ပက တိုက်ခိုက်လာမယ့် ဒုံးကျည်တွေကို တန်ပြန်ကာကွယ်ဖို့ ဒီဇိုင်းဆင်ထားတာပါ။ 

အဆိုပါ SRBM ဒုံးကျည်တွေမှာ နျူကလီးယား လက်နက်ထိပ်ဖူးတွေ တပ်ဆင်မယ့် နည်းဗျူဟာအတွက်လည်း မြောက်ကိုရီးယားက လေ့ကျင့်နေတာပါ။

//
More News
Up