ဖလမ်းမြို့နယ် တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၆ ဦး သေဆုံး

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ဖလမ်း- ကလေးလမ်းမကြီးပေါ်က လုမ်ဘမ်ကျေးရွာအနီး ဇန်နဝါရီ ၁၇ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်နဲ့ CNDF (Chin National Defence Force) တို့ တိုက်ပွဲဖြစ်ပွားရာမှာ စစ်ကောင်စီဘက်က ၆ ဦးသေဆုံးပြီး CNDF ရဲဘော် တစ်ယောက် လက်နက်ကြီးထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဟာ ဖလမ်း- ကလေးလမ်းမကြီး လမ်းကြောင်းအတိုင်း ချီတက်ရာမှာ  လမ်းမှာ ကြားဖြတ်အတိုက်ခိုက်ခံရတာကြောင့် လမ်းမကြီးအတိုင်းမသွားတော့ပဲ လမ်းမကြီးရဲ့ အနောက်ဘက်က Lati (လာတီးကျေးရွာ)၊ Kulzam( ကိုလ်ဇမ်ကျေးရွာ) ကျေးရွာဘက်ကနေ လှည့်ပတ်စစ်ကြောင်း ချီတယ်လို့ CNDF က သိရပါတယ်။

ကလေးမြို့က ချင်းတောင်ဆီကို စစ်ကူလာတဲ့ စစ်ကောင်စီကား ၅ စီးကိုလည်း ဇန်နဝါရီ ၁၇ ရက်နေ့မနက် ၁၀ နာရီလောက်မှာ လမ်းကြောင်းဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၁၀ ယောက် သေဆုံးခဲ့ပါသေးတယ်။

ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် ရှေ့ဆက်မသွားဘဲ ကလေးမြို့ဘက်ကို ချက်ခြင်း ပြန်လှည့်သွားတယ်လို့ သိရပါတယ်။ 

ဇန်နဝါရီ ၁၇ ရက်နေ့ ညနေပိုင်းမှာ စစ်ကား ၄ စီးဟာ ကလေးမြို့ လေယာဉ်ကွင်းထဲကနေ အနောက်တောင်ဘက်ကို  ထွက်ခွာသွားပြီး တစ်စီးကို အနည်းဆုံး စစ်ကောငင်စီတပ်သား ၃၀ လောက် လိုက်ပါလာတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဇန်နဝါရီ ၁၅ ရက်နေ့ မနက် ၁၀ နာရီလောက်ကနေ ညနေ ၅ နာရီခွဲလောက်ထိ ပါရ်သဲ ကျေးရွာအနီးမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့  ဒေသခံပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းအတွဲလိုက် နဲ့ တိုက်ခိုက်ရာမှာ စစ်ကောင်စီ ၄ ဦးသေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ်က သိရပါတယ်။

ဇန်နဝါရီလ ၁၄ ရက်နေ့ မနက် ၃ နာရီကလည်း ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ဝေဘူလမြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သား အင်အား ၂၀၀ လောက်ဟာ  မွှန်လီကျေးရွာနဲ့ ဗားရ် စခန်းကြားအရောက်မှာ CNDF တပ်ဖွဲ့ထောင်ထားတဲ့ မိုင်းတစ်လုံး နင်းမိ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ဗားရ်စခန်းမှာ ညအိပ်စခန်းချခဲ့တယ်လို့ သိရပါတယ်။

ချင်းတောင်ဘက်ကို တက်လာတဲ့ စစ်ကောင်စီ အင်အား ၁၀၀ ကျော် နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေဟာ  ဇန်နဝါရီလ ၁၃ ရက်နေ့ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်သား ၇ ဦးသေဆုံးခဲ့တယ်လို့ Zoland PDFကသိရပါတယ်။

တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေအနေနဲ့ CNDF ၊ CNA ၊ CDM -Siyin၊ CDF-KKG ၊ Zoland – PDF ၊ CDM ၊ Zongam Army တပ်ဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။ 

ချင်းပြည်နယ် ဖလမ်းမြို့နယ် တဝိုက်မှာ ဇန်နဝါရီ ၁၃ရက်နေ့က ၁၇ ရက်နေ့အထိ စစ်ကောင်စီတပ်နဲ့ ဒေသခံချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တိုက်ပွဲဖြစ်ပွားရာမှာ ၅ ရက်အတွင်း စစ်ကောင်စီတပ်သား ၃၂ ဦးအထိ သေဆုံးထားပါတယ်။

တိုက်ပွဲဖြစ်စဉ်တွေကြောင့် သေဆုံးဒဏ်ရာမှုအခြေအနေကို စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

//
More News
Up