မကွေးတိုင်းဒေသကြီး ဆောမြို့နယ် ကျောက်ထုအမြောက်တပ်ကို ဇန်နဝါရီ ၁၇ ရက်နေ့ မနက်ပိုင်းမှာ ကျောက်ထု PDF က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ကျောက်ထုအမြောက်တပ်ကို ဇန်နဝါရီ ၁၇ ရက် မနက်အစောပိုင်း ၁ နာရီမထိုးခင်က ၆၀ မမ ၄ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ကျောက်ထု PDF ရဲ့ ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။
ကျောက်ထု PDF မှာရှိတဲ့ ၆၀ မမ ၄ လုံးရဲ့ အလုပ်လုပ်ပုံ ဘယ်လိုလည်းဆိုတာ သိရအောင်လို့ ကျောက်ထုအမြောက်တပ်ကို ပစ်ခတ်ပြီး စမ်းသပ်လိုက်တာလို့ ဆိုပါတယ်။
အဲဒီလို ပစ်ခတ်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်သားတွေ ကြောက်လန့်ပြီး သေနတ်တွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့ကြတယ်လို့ ပြောပါတယ်။
ကျောက်ထုမြို့ ကန်ကြီးရွာမှာ ဇန်နဝါရီ ၁၆ ရက်နေ့က ပရဟိတ ဆရာတော်တစ်ပါးကို စစ်ကောင်စီတပ်တွေက လက်နက်တွေ့လို့ဆိုပြီး ဖမ်းဆီးသွားသလို ဆန်အိတ် ၂၅၀ ကျော်ကိုလည်း သိမ်းဆည်းသွားတယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။
နတ်ရဲကျေးရွာမှာလည်း ဇန်နဝါရီ ၁၇ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်သားတွေက အပြစ်မဲ့ ဒေသခံ သားအဖ ၂ ယောက်ကို ဖမ်းဆီးပြီး အမြောက်တပ်ထဲ ခေါ်ဆောင်သွားကြတယ်လို့ ဆိုပါတယ်။
လက်နက်ကြီးနဲ့ အပစ်ခံရတာကြောင့် စစ်ကောင်စီတပ်သားတွေ ထိခိုက်ဒဏ်ရာရရှိသူရှိတယ်လို့ ကျောက်ထုအမြောက်တပ်နဲ့ နီးစပ်တဲ့သူတွေက ပြောပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။