စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေက ဇန်နဝါရီ ၁၀ ရက်က စတင်ပြီး ယနေ့အချိန်အထိ ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် ကျေးရွာ ၁၀ ရွာရှိ ဒေသခံရွာသားတွေ သောင်းနဲ့ချီ စစ်ဘေးရှောင်နေရပြီး လူသားချင်းစာနာမှု အကူအညီတွေလိုအပ်နေပါတယ်။
ပုလဲမြို့နယ်ကို ရောက်လာတဲ့ စစ်ကောင်စီတပ်တွေဟာ ဇန်နဝါရီ ၁၀ ရက်က ဦးနှောက်ရွာကို လေကြောင်းနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့စဉ်က မြေပြင်ကို လေယာဉ်နဲ့ချထားပေးခဲ့တဲ့ ခမရ၂၁၃/ ၂၁၇ ပဲခူးတပ်က ဖြစ်တယ်လို့ဒေသခံတွေက ပြောပါတယ်။
“ဒီကောင်တွေကဗျာ ကျနော်တို့ကျေးရွာတွေအထဲကို လက်နက်တွေနဲ့ ပစ်ခတ်ဝင်ပြီးတော့ အပြစ်မဲ့ပြစ်သူတွေကို ပစ်သတ်တယ်။ နောက်ပြီး ရွှေငွေတန်ဖိုးကြီးပစ္စည်းတွေကို အတင်းအဓမ္မ သိမ်းယူသွားတယ်။ ကိုယ့်အထုပ်ကိုဆွဲပြီး စစ်ဘေးရှောင်ပြေးနေတဲ့ ပြည်သူဆီကပါ အဖိုးတန်ရွှေငွေတွေကိုပါ စစ်ကောင်စီတပ်သားတွေက လုယူသွားခဲ့တယ်”လို့ ဒေသခံရွာသားတစ်ဦးက ပြောပါတယ်။
လက်ရှိ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ထိုးစစ်ဆင်နေတာဟာ ပုလဲမြို့နယ် မြောက်ပိုင်းဒေသက ကျေးရွာတွေဖြစ်ပြီး စစ်ဘေးရှောင်နေရတဲ့ ကျေးရွာတွေကတော့ နွယ်အင်းကျေးရွာ၊ ချင်ပြစ်ကျေးရွာ၊ ချောင်းဦးကျေးရွာ၊ ချင်ပြစ်ကျင်းကျေးရွာ၊ မရိုးတုန်းကျေးရွာ၊ သပြေလှကျေးရွာ၊ ကြူခြံကျေးရွာ၊ တုန်းကန်ကျေးရွာ၊ ပျော်ဘွယ်ကျဥ်းကျေးရွာ၊ ပျဥ်လှိုင်းကျေးရွာ၊ ပြောင်းခင်းကြီးကျေးရွာတွေဖြစ်ပါတယ်။
အခုလိုဆောင်းရာသီမှာ စစ်ဘေးရှောင်နေရတာဖြစ်လို့ ဒေသခံပြည်သူတွေဟာ နေရေးထိုင်ရေး အစားအသောက်၊ ဆေးဝါး၊ စောင်၊ အနွေးထည် စတာတွေ အရေးပေါ်လိုအပ်နေတယ်လို့ စစ်ဘေးရှောင် ကူညီကယ်ဆယ်ရေးသမားတွေဆီကနေ သိရပါတယ်။