စစ်ကိုင်းတိုင်း၊ မုံရွာမြို့က ဈေးဝယ်သွားတဲ့ အမျိုးသားတယောက်ကို စစ်ကောင်စီ တပ်သားတွေက လမ်းမှာခေါ်ယူစစ်ဆေး ဖမ်းဆီးသွားပြီးနောက် သတ်ပစ်လိုက်တယ်လို့ အသတ်ခံရသူရဲ့ မိသားစုဝင်တွေက ပြောပါတယ်။
ဇန်နဝါရီ ၁၆ ရက် နေ့လယ်ပိုင်းက မုံရွာမြို့ပေါ်မှာ ဈေးဝယ်သွားတဲ့ ကိုစံပေါ ခေါ် ကိုထွန်းအောင်နိုင်ကို စစ်ကောင်စီ တပ်သားတွေက အကြောင်းပြချက်မရှိဘဲ လမ်းမှာ စစ်ဆေး ဖမ်းဆီးခဲ့ပြီး ညနေပိုင်းမှာတော့ နှိပ်စက်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ အလောင်းသာ ပြန်ရခဲ့တာလို့ မိသားစုဝင်နဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။
လက်ရှိမှာတော့ အလောင်းကို မုံရွာမြို့ပြည်သူ့ဆေးရုံကြီးမှာ ထားရှိထားပြီး အလောင်းကို သင်္ဂြိုဟ်ခွင့်ရရှိဖို့ မိသားစုဝင်တွေက ကြိုးစားနေပေမဲ့ လက်ရှိအချိန်ထိ မရရှိသေးပါဘူး။
သေဆုံးသူရဲ့ ရုပ်အလောင်းမှာ ရိုက်နှက်ညှဉ်းပန်းနှိပ်စက်ထားတဲ့ ဒဏ်ရာတွေများစွာ ရရှိထားတယ်လို့လည်း နာရေးကူညီဖို့ ဆောင်ရွက်နေတဲ့ ပရဟိတအဖွဲ့က တစ်ဦးက အတည်ပြု ပြောပါတယ်။
အခုလို ဖမ်းဆီးရမိသူဟာ ကနီနယ်သားဖြစ်တဲ့အတွက် စစ်ကောင်စီတပ်သားတွေက အခုလို ဖမ်းဆီးပြီး ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့တာဖြစ်နိုင်တယ်လို့ သေဆုံးသူနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
သေဆုံးသွားသူဟာ အရပ်သား ကုန်သည်တစ်ဦးဖြစ်ပြီး ကနီမြို့နယ်ဇာတိဖြစ်ကာ ဒေသတွင်း တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် မုံရွာမြို့ပေါ်မှာ တက်ရောက်နေထိုင်သူ ဖြစ်တယ်လို့လည်း သိရပါတယ်။
လတ်တလော စစ်ကိုင်းတိုင်း ကနီနယ်တဝိုက်မှာ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ အပြင်းအထန် တိုက်ပွဲဖြစ်နေတာဖြစ်ပါတယ်။