Home
မြန်မာသတင်း
မင်းတပ်တွင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ဖွင့်လှစ်သည့် ကျောင်းများ၌ ကလေး ၆၀၀၀ ကျော် တက်ရောက်
DVB
·
January 17, 2022

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာ ကျောင်းနေအရွယ်ကလေးတွေအတွက် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဦးစီး ဖွင့်လှစ်ထားတဲ့ အခြေခံပညာကျောင်းတွေမှာ  တက်ရောက်ပညာသင်ကြားနေတဲ့ ကျောင်းသူ  ကျောင်းသားပေါင်း  ၆၀၀၀ ကျော်နေပြီဖြစ်ပါတယ်။

ကျေးရွာပေါင်း ၁၃၆ ရွာမှာရှိတဲ့ ကျောင်းနေအရွယ်ကလေး စုစုပေါင်း ၆၂၈၂ ယောက်ကို မင်းတပ်မြို့နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းတွေက သင်ကြားပေးနေပြီး သင်ကြားရေးစတင်လာတာ ၃ လလောက်ရှိပြီလို့  မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး-သတင်းအဖွဲ့က ထုတ်ပြန်ထားပါတယ်။

စေတနာ့ဝန်ထမ်းတွေ လုံလောက်စွာရရှိရေးအတွက်လည်း ပညာရေးဘုတ်အဖွဲ့က ဆရာအတတ်သင်သင်တန်းပေးနေပြီး  စေတနာ့ဝန်ထမ်းဆရာ၊ ဆရာမ စုစုပေါင်း ၈၅၈ ဦးကို မွေးထုတ်ပေးနိုင်ခဲ့တယ်လို့လည်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး-သတင်းအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး-သတင်းအဖွဲ့က တာဝန်ရှိသူတစ်ဦးက “ကျနော်တို့က စနစ်သစ် သင်ရိုးညွှန်းတမ်းထဲမှာပါတဲ့ သင်္ချာ၊ အင်္ဂလိပ် အဲဒီလိုတွေ အဓိကထား သင်ပေးနေပါတယ်။ ဒါတွေအပြင် ဂီတအနုပညာတွေ၊ သီချင်းတွေလည်း ထည့်သွင်းသင်ကြားပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ချင်းပြည်နယ်မှာ နေထိုင်တဲ့ ဒေသခံပြည်သူတဦးက “ဒီလိုလေးတွေလုပ်တာ ကောင်းပါတယ်။ ဒီအချိန်မှာ ပညာသင်ခွင့်မရတဲ့ ကလေးတွေအတွက်လည်း ဝမ်းနည်းမိတယ်။ စစ်ကောင်စီက ဖွင့်တဲ့ကျောင်းမှာ ကလေးတွေကို သွားတက်ခိုင်းတဲ့ မိဘတွေကတော့ ကိုယ့်ကလေးရဲ့ လုံခြုံရေးကို တကယ်ဂရုမစိုက်တာလို့ပဲ မြင်တယ်” လို့ပြောပါတယ်။

လက်ရှိအချိန်မှာတော့ နိုင်ငံတစ်ဝန်းမှာ အစိုးရစာသင်ကျောင်းတွေ ဖွင့်လှစ်နေပြီး တက်ရောက်သူ ကလေးသူငယ်တွေလည်းရှိပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ-ပညာရေးဝန်ကြီးဌာနကလည်း အခုလက်ရှိမှာတော့ ကျောင်းသား၊ ကျောင်းသူ လူငယ်တွေ စဉ်ဆက်မပြတ်သင်ယူနိုင်ရေးအတွက် ကြားကာလ ပညာရေးအစီအစဉ်အရ အရေးပေါ်အခြေအနေမှာ အကောင်အထည်ဖော်ဆောင်တဲ့ ကာလတိုသင်ကြားရေး (Short Course) အစီအစဉ်ကို ပြည်တွင်း ပြည်ပ ပညာရှင်တွေနဲ့ပူးပေါင်း စီစဉ်နေတယ်လို့ ကြေညာထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024