မာရစ်မြို့အနီး ယီမင်တပ်နှင့် ဟူသီသူပုန်တို့ တိုက်ပွဲဆက်ဖြစ်

ယီမင်နိုင်ငံအလယ်ပိုင်း ရေနံထွက်တဲ့ မာရစ်မြို့ကို သိမ်းပိုက်ဖို့အတွက် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) က ကျောထောက်နောက်ခံပေးထားတဲ့ ယီမင်တပ်တွေနဲ့ အီရန်နဲ့မဟာမိတ်ပြုထားတဲ့ ဟူသီသူပုန်အဖွဲ့တို့ တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။
ကုလသမဂ္ဂနဲ့ အမေရိကန်တို့က နှစ်ဘက်စလုံး အပစ်ရပ်ရေးကို ကြိုးစားပေမဲ့ လတ်တလော မျှော်လင့်စရာ မရှိပါဘူး။
ယီမင်မှာ အစိုးရနဲ့ ဟူသီအမျိုးသားရေးအဖွဲ့တို့ရဲ့ ပဋိပက္ခဟာ ၇ နှစ်နီးပါးရှိပြီး အဓိက ဆော်ဒီအာရေဗျနိုင်ငံနဲ့ UAE တို့ကတဖက်၊ အီရန်က တဖက် အားပြိုင်နေတဲ့ ကြားခံ စစ်ပွဲပုံစံ ဖြစ်နေတာပါ။
တိုက်ပွဲတွေကြောင့် အပြစ်မဲ့အရပ်သားတွေ သန်းနဲ့ချီ ရွှေ့ပြောင်းကြရပြီး တိုင်းပြည်စီးပွားရေး ပြိုလဲ ကျဆင်းနေပါတယ်။
ပြီးခဲ့တဲ့လမှာပဲ မာရစ်မြို့ မြောက်ဘက်နဲ့ တောင်ဘက်တွေမှာ တိုက်ပွဲတွေဖြစ်ပြီး လူ ၁၅၀၀၀ ကျော် ထွက်ပြေးခဲ့ရပါတယ်။
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ကုလလုံခြုံရေးကောင်စီမှာ ယီမင်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံအမတ်က နှစ်ဖက်စလုံး စစ်ရေးနည်းလမ်းကိုသာ ရွေးချယ်ကြပြီး ငြိမ်းချမ်းရေးအလားအလာ မရှိသေးတာ ကြောင့် အရပ်သားတွေ ပိုမိုထိခိုက်ဖို့ရှိနေတယ်လို့ သတိပေးပါတယ်။
ယီမင်ပဋိပက္ခဟာ အာဏာရရှိရေးအတွက် လက်နက်ကိုင်အဖွဲ့ပေါင်းစုံ ဝင်ရောက်အားပြိုင်နေတဲ့ ပဋိပက္ခ ဖြစ်ပါတယ်။ UAE နိုင်ငံရဲ့ စစ်တပ်တွေ ၂၀၀၉ မှာ ရုပ်သိမ်းခဲ့ပေမဲ့ ယီမင်တပ်တွေကို လေ့ကျင့်ပံ့ပိုးပေးနေတုန်းပါ။
အစိုးရက ယီမင်ရဲ့ တောင်ဘက်မှာ အခြေစိုက်ပြီး ဟူသီသူပုန်အဖွဲ့က မြောက်ဘက်နေရာ အတော်များများကို သိမ်းထားပါတယ်။
ဟူသီတို့က ခြစားနေတဲ့ အစိုးရနဲ့ နိုင်ငံခြား ကျူးကျော်ဝင်ရောက်မှုတွေအတွက် တိုက်နေရတာလို့ ပြောပါတယ်။