Home
မြန်မာသတင်း
ပုလဲမြို့နယ်က မုံသွင်ကျေးရွာကို စစ်တပ်က ဝင်ရောက်ဖျက်ဆီးပြီး ပစ္စည်းများယူဆောင်
DVB
·
January 17, 2022

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ မုံသွင်ကျေးရွာကို စစ်ကောင်စီက ဇန်နဝါရီ ၁၆ ရက်နေ့ မနက်ပိုင်းကစပြီး ဝင်ရောက်ရှာဖွေဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံရွာသားတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ဇန်နဝါရီ ၁၅ ရက်နေ့ ညနေပိုင်းက မုံသွင်ကျေးရွာမှာ ဝင်ရောက်တပ်ဆွဲစခန်းချနေထိုင်ပြီး ဇန်နဝါရီ ၁၆ ရက်နေ့ မနက်မှာတော့ ကျေးရွာအတွင်းက နေအိမ်တွေထဲ ဝင်ရောက်ရှာဖွေဖျက်ဆီးတာတွေ လုပ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

“ကျနော်တို့ ပုလဲမြို့နယ်ကို ပုလဲဗိုလ်နဂါးကို ဖမ်းချင်လို့ ပိုက်စိတ်တိုက်ရှာဖွေနေတယ်လို့တော့ သတင်းတွေထွက်နေတယ်ဗျ။ ကျနော်ပြောချင်တာကဗျာ သူတို့နဂါးပဲ ရှာရှာ၊ ဘယ်သူပဲ ရှာရှာဗျာ အပြစ်မဲ့ ကျေးရွာသာတွေရဲ့ နေအိမ်တွေကို ရှာဖွေဖျက်ဆီးတာတွေ၊ အဖိုးတန်ပစ္စည်းတွေ ယူတာတွေတော့ မလုပ်စေချင်ဘူးဗျ။ ကျနော်တို့ ဒေသခံတွေက ဆင်းရဲသားကျောမွဲတွေပါ။ ပစ္စည်းတစ်ခုထူထောင်ဖို့ရာ လွယ်တာမဟုတ်ဘူး။ ဒီကောင်တွေ ဒီလိုမတရားလုပ်နေတာဟာ ပြည်သူက ကြောက်စိတ်ဝင်မှာမဟုတ်ဘူး။ အရင်က ငြိမ်နေတဲ့သူတွေတောင် မခံချင်စိတ်နဲ့ ဒီကောင်တွေပြန်ချဖိုရာ လုပ်နေကြတယ်” လို့ မုံပင်ကျေးရွာသားတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီက မုံသွင်ကျေးရွာကို ဝင်ရောက်ရှာဖွေရာမှာ ကျေးရွာအတွင်းကနေ အိမ်တွေသာမက ရွာဦးကျောင်းက ဘုန်တော်ကြီးကျောင်းပါ ရှာဖွေဖျက်ဆီးပြီး ပစ္စည်းတွေ ယူဆောင်သွားတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီက မုံသွင်ကျေးရွာကို ဝင်ရောက်ချိန်ကစပြီး ဒေသခံရွာသားတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်ရှောင်နေကြရတယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဇန်နဝါရီ ၁၀ ရက်နဲ့ ၁၃ ရက်နေ့တွေကလည်း ဦးနှောက်ကျေးရွာနဲ့ ပုထိုးသာကျေးရွာကို လေကြောင်းနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဦးနောက်ကျေးရွာမှာ ပုလဲဗိုလ်နဂါးအဖွဲ့ အစည်းအဝေးရှိတယ်ဆိုပြီး လေကြောင်းနဲ့ရော မြေပြင်ကပါ စစ်အင်အားအလုံးအရင်းနဲ့ ကျေးရွာအတွင်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ လူတစ်ဦးကို ဦးခေါင်ဖြတ် သတ်ဖြတ်ပြီး အိမ်သာခေါင်မိုးပေါ်တင်ခဲ့ကြောင်း၊ အခြားရွာသားအချို့ကို ဖမ်းဆီးတာနဲ့ မီးရှို့သတ်ခဲ့တာတွေလည်း ရှိခဲ့တယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024