မိုင်တဲလ်တာဝါတိုင်ဖောက်ခွဲမှု သံသယနှင့်ဖမ်းထားသည့် ပြည်သူတစ်ဦးအလောင်း စစ်တပ်က ပြန်ပို့

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ရှင်မုတ္ထီးကျေးရွာအတွင်းရှိ စစ်အုပ်စုပိုင် မိုင်တဲတာဝါတိုင် ဖောက်ခွဲဖျက်ဆီးခံရမှုကြောင့် အဖမ်းခံထားရတဲ့သူတွေထဲက တစ်ဦးရဲ့ ရုပ်အလောင်းအား ဇန်နဝါရီ ၁၅ ရက် မနက်မှာ စစ်ကောင်စီတပ်က မိသားစုဝင်တွေဆီ လာပို့ခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးခံထားရသူ ပြည်သူ ၄ ဦးထဲက အသက် ၄၈ နှစ်အရွယ် စော်ဝကျေးရွာသားတစ်ဦးဖြစ်တဲ့ ဦးခင်မောင်လွင်ရဲ့ အလောင်းအား လာပို့ခဲ့တာလို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတစ်ဦးဆီက ပြောပါတယ်။

သရက်ချောင်းမြို့နယ်၊ ရှင်မုတ္ထီးကျေးရွာအတွင်းရှိ စစ်အုပ်စုပိုင် မိုင်တဲတာဝါတိုင်ကို ဇန်နဝါရီ ၁၁ ရက်၊ မနက် ၂ နာရီအချိန်လောက်က ဖောက်ခွဲဖျက်ဆီးခံခဲ့ရပြီး ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်က သူတို့လုပ်ဆောင်ခဲ့ကြောင်း ဇန်နဝါရီ ၁၄ ရက် ရက်စွဲနဲ့ ထုတ်ပြန်ကြေညာထားပါတယ်။

အဲ့ဒီမိုင်တဲတာဝါတိုင် ဖောက်ခွဲဖျက်စီးခံရမှုနဲ့ ပတ်သက်ပြီး ဇန်နဝါရီ ၁၁ ရက်၊ နေ့လယ်ပိုင်းမှာ ဦးခင်မောင်လွင်နဲ့အတူ စော်ဝကျေးရွာသားတွေဖြစ်တဲ့ ဦးဉာဏ်ရှိန်၊ ဦးရင်ကြူနဲ့ ရှင်မုတ္ထီးကျေးရွာသား ဦးကျော်ငွေတို့ကို စစ်ကောင်စီတပ်သားတွေက ကျေးရွာအတွင်း လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတာပါ။

လက်ရှိမှာတော့ ဦးခင်မောင်လွင့်ရဲ့အလောင်းကို ပြန်ပို့သွားပြီး ကျန်သုံးဦးရဲ့အခြေအနေကို အခုချိန်အထိ မသိရသေးတာကြောင့် မိသားစုဝင်တွေ စိုးရိမ်နေကြတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်း စစ်အုပ်စုပိုင် မိုင်တဲတာဝါတိုင်တွေကို သုံးကြိမ်ထက်မနည်း ဖောက်ခွဲဖျက်ဆီးခံခဲ့ရတာကြောင့် စစ်ကောင်စီတပ်က ရွာခံပြည်သူတွေကို ဖမ်းဆီးစစ်ဆေးတာတွေ  ရှိခဲ့ပါတယ်။

//
More News
Up