နှစ်ဂိုးသွင်းပြီးမှ သရေကျခဲ့သည့်ပေါ် ရှုံးနိမ့်သလို ခံစားရကြောင်း မန်ယူနည်းပြရင်းနစ်ခ် ဖွင့်ဟ

အက်စ်တွန်ဗီလာအသင်းကို ဦးဆောင်ဂိုး နှစ်ဂိုးသွင်းပြီးမှာ ချေပဂိုးတွေ ပေးရပြီး သရေကျခဲ့တာဟာ ရှုံးနိမ့်ခဲ့သလို ခံစားရတယ်လို့ နည်းပြ ရင်းနစ်ခ်က ပြောသွားပါတယ်။ 

မန်ယူအသင်းဟာ ဗီလာပါ့ခ်မှာ ဖာနန်ဒက်စ်ရဲ့သွင်းဂိုး ၂ ဂိုးနဲ့ ပွဲချိန် ၆၇ မိနစ်အထိ ဦးဆောင်နိုင်ခဲ့တာပါ။ 

ပွဲချိန် ၇၇ မိနစ်နဲ့ ၈၂ မိနစ်မှာ ဗီလာအသင်းက ရမ်ဆေးနဲ့ ကော်တင်ဟိုတို့က ချေပဂိုးတွေသွင်းခဲ့လို့ ၂ ဂိုးစီ သရေကျခဲ့တာပါ။ 

ပွဲအပြီးမှာတော့ ယူနိုက်တက်ဟာ ပထမပိုင်းနာရီဝက်လောက်ပဲ ပွဲကို ထိန်းချုပ်ကစားနိုင်ခဲ့တယ်လို့ နည်းပြ ရင်းနစ်ခ်က ပြောပါတယ်။ 

“နောက်ဆုံး ၁၅ မိနစ်မှာ ဘောလုံးကို အဝေးကန်ထုတ်နေရတဲ့ အကြိမ်တွေ အလွန်များခဲ့ပါတယ်။ ဒုတိယပိုင်းအစမှာ ပြန်ကောင်းလာပြီး အနိုင် ၃ မှတ်ရသင့်တာပါ။ ပွင့်ပွင့်လင်းလင်းပြောရရင် ရှုံးနိမ့်ခဲ့သလို ခံစားရတယ်။ အလွန်စိတ်ပျက်ရပေမယ့် ရှေ့ဆက်သွားဖို့ပဲရှိပါတယ်။ ရလဒ်ပိုင်းအရတော့ ၂ မှတ်ကို လွှင့်ပစ်လိုက်သလိုပါပဲ”  လို့ နည်းပြရင်းနစ်ခ်က ပြောသွားပါတယ်။ 

မန်ယူအသင်းဟာ နှစ်ဂိုး ဦးဆောင်ပြီး သရေကျခဲ့ရတာက ၂၀၁၆ ခုနှစ်နောက်ပိုင်းမှာ ပထမဆုံးအကြိမ် ဖြစ်ခဲ့ပါတယ်။

//
More News
Up