ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့နယ်ခွဲ၊ မုံးပေါ်ဝိန်းဆိုင်ကျေးရွာအုပ်စု၊ ဆမာရွာနဲ့ ဟူဘန်ရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ကေအိုင်အေ တပ်မဟာ ၆၊ တပ်ရင်း ၃၆ တို့ ဇန်နဝါရီ ၁၅ ရက် မွန်းလွဲ ၁၂ နာရီ ၅၄ မိနစ် လောက်က တိုက်ပွဲထပ်မံ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီ တပ်မ ၇၇ အင်အား ၁၀၀ လောက်နဲ့ ကေအိုင်အေ တပ်မဟာ ၆၊ တပ်ရင်း ၃၆ တို့ ဇန်နဝါရီ ၁၃ ရက်ကနေ ဒီနေ့အထိ နေ့တိုင်းထိတွေ့ တိုက်ပွဲ ဖြစ်ပွားနေပြီး မိုင်ဖန်ရွာဘက်က စစ်ကောင်စီတပ်တွေလည်း အင်အားဖြည့် စစ်ကြောင်းထိုးလာတဲ့ အပြင် လက်နက်ကြီးတွေနဲ့ ပစ်ကူနေတယ်လို့ ဆိုပါတယ်။
ဒေသခံတယောက်က “အခု ၁ နာရီကနေ လက်နက်အကြီးရော၊ လက်နက် အသေးရော အဆက်မပြတ်ပစ်နေတယ်။ မနေ့က တိုက်ပွဲဖြစ်တဲ့ နေရာပဲ။ မိုင်ဖန်အမြောက်တပ်ကနေလည်း လက်နက်ကြီးတွေ ပစ်ကူနေတာ ၄ ချက် ရှိပြီ”လို့ ပြောပါတယ်။
၁၀၅ မိုင် ဗျူဟာကုန်းကနေ လက်နက်ကြီး ထုနေတာ ၄ ချက်ရှိပြီး အသံအကျယ်ကြီး ကြားရတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
ဇန်နဝါရီ ၁၄ ရက်က အဆိုပါဒေသကို စစ်ကောင်စီ ဂျက်လေယာဉ် ၂ စီး ရောက်ရှိလာကာ ပျံဝဲခဲ့တာကြောင့် ဗုံးကြဲတိုက်ခိုက်ပြီး တိုက်ပွဲပိုမိုပြင်းထန်လာမှာ ဒေသခံတွေက စိုးရိမ်ထိတ်လန့် နေကြပါတယ်။
ဇန်နဝါရီ ၁၁၊ ၁၂ ရက်မှာ နောင်ဟဲန့်၊ လွယ်ဆာရွာတွေဘက် စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး ဇန်နဝါရီ ၁၃၊ ၁၄၊ ၁၅ ရက်မှာတော့ ဆမာနဲ့ ဟူဘန်ရွာဝန်းကျင် တကြော တိုက်ပွဲ ဆက်လက်ပြင်းထန် နေတာပါ။
တိုက်ပွဲတွေကြောင့် နောင်ဟဲန့်၊ လွယ်ဆာ၊ လွယ်ကန်၊ ဟူဘန်၊ ဆမာတို့မှ ဒေသခံပြည်သူ ၃၀၀ ကျော် ဝိန်းဆိုင်သို့ ထွက်ပြေး တိမ်းရှောင်နေကြရပြီး စစ်မြေပြင်နဲ့ နီးနေတဲ့ ဟူနားရွာခံတွေလည်း မုံးပေါ် မနောကွင်းဘက် ယာယီ ရှောင်တိမ်းနေကြရပါတယ်။
တိုက်ပွဲကြားထဲက ဝိန်းဆိုင်ရွာဘက် ထွက်ပြေးတိမ်းရှောင် ခိုလှုံလာခဲ့ကြရတဲ့ စစ်ဘေးရှောင်တွေဟာ ဆပ်ပြာ၊ သွားတိုက်တံလို တကိုယ်ရေသုံးပစ္စည်းတွေကအစ စားနပ်ရိက္ခာအဆုံး အကူအညီလိုအပ်နေပါတယ်။
အဲဒီဒေသမှာ စစ်ကောင်စီတပ်၊ မုံးပေါ်ပြည်သူ့စစ်၊ MNDAA ၊ KIA၊ SSPP/SSA နဲ့ မြောက်ပိုင်း မဟာမိတ် ညီနောင်တို့ လှုပ်ရှားရာဒေသ ဖြစ်ပါတယ်။
Photo Crd# CJ