Live
Home
မြန်မာသတင်း
ရန်ကုန်တွင် လျှပ်စစ်မီးမကြာခဏ ပြတ်တောက်နေသဖြင့် အိမ်ရှင်မများ အခက်ကြုံ
DVB
·
January 15, 2022

ရန်ကုန်မြို့မှာ ခုရက်ပိုင်းအတွင်း လျှပ်စစ်မီးတွေ မကြာခဏ ပြတ်တောက်တာ များလာတဲ့ အတွက် အိမ်ရှင်မတွေနဲ့  လျှပ်စစ်မီးကို အမှီပြုပြီး အလုပ် လုပ်ကိုင်နေရကြရတဲ့ လုပ်ငန်းတွေ အခက်အခဲနဲ့ ကြုံတွေ့ နေကြရပါတယ်။

စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနက ပြည်သူတွေ လျှပ်စစ်မီးအသုံးများတဲ့ အချိန်တွေမှာ လျှပ်စစ်မီး အကြိမ်ကြိမ် ဖြတ်တောက်နေတာကြောင့် ရန်ကုန်မြို့ခံတွေ အခက်အခဲတွေ ဖြစ်နေတာပါ။

ပြီးခဲ့တဲ့ လပိုင်းတွေကတော့ ရန်ကုန်မြို့ပေါ်ရပ်ကွက်တွေမှာ  လျှပ်စစ်ဌာနက လက်နက်ကိုင် စစ်ကောင်စီတပ်တွေအားကိုးနဲ့ မီတာခတွေ အတင်းအဓမ္မလိုက်ကောက်တာတွေ၊ မီးဖြတ်တာတွေ လုပ်ဆောင်ခဲ့ပြီး အခုနောက်ပိုင်း မီတာခဆောင်တဲ့အိမ်ရော မဆောင်တဲ့အိမ်ပါ မီးအဖြတ်ခံနေရတာ ဖြစ်ပါတယ်။

ရန်ကုန်မြို့နေ ပြည်သူလူထု အများစုဟာ လျှပ်စစ်မီးကိုအဓိက အားထားသုံးစွဲပြီး လုပ်ငန်းလုပ်ကိုင်နေကြရတာဖြစ်ပြီး အိမ်ရှင်မတွေအနေနဲ့လည်း လျှပ်စစ်မီး ပုံမှန်မလာတဲ့အတွက် ချက်တဲ့ပြုတ်တဲ့အခါမှာ အခက်အခဲတွေ ကြုံနေရတယ်လို့ အိမ်ထောင်ရှင်မ တယောက်က ပြောပါတယ်။

လျှပ်စစ်မီး မလာတာကြောင့် အင်တာနက်လိုင်းတွေပါ ပြတ်တောက်တာရှိနေပြီး အွန်လိုင်းနဲ့ အလုပ်လုပ်ရတဲ့ လုပ်ငန်းတွေပါ အဆင်မပြေဖြစ်နေကြတာပါ။  

မီးမကြာခဏ ပြတ်တောက်တာကြောင့် စစ်ကောင်စီလက်အောက်ခံ အခြေခံပညာကျောင်းတွေမှာ ကျောင်းမထားချင်လို့ အိမ်ကနေ အွန်လိုင်းစနစ်နဲ့ပဲ ပညာသင်ကြားနေတဲ့ ကလေးတွေအတွက်ပါ အခက်အခဲ ဖြစ်လာတယ်လို့ ဆရာမတယောက်က  ပြောပါတယ်။

ရန်ကုန်မှာအခုဆိုလျှပ်စစ်မီး ဖြတ်တောက်တာဟာ ပြည်သူအများဆုံး သုံးစွဲတဲ့ မနက် ၇ နာရီလောက်ကတည်းကနေ  ညနေ ၅ နာရီလောက်ထိကို ဖြစ်နေတာပါ။ 

လျှပ်စစ်မီး ပြတ်တောက်မှုဟာ နိုင်ငံအနှံ့ နောက်ပိုင်းမှာ ပိုဆိုးလာနိုင်ပြီး အရင်  ၂၀၁၀ မတိုင်ခင် နဝတ၊ နအဖ  စစ်အစိုးရတွေခတ်တုန်းကလို  အမှောင်ခေတ်ကို ပြန်ရောက် နေပြီဖြစ်လို့  ပြည်သူတွေအနေနဲ့ ကြိုတင်ပြင်ဆင်ထားသင့်တယ်လို့  သုံးသပ်တာတွေ ရှိနေပါတယ်။ 

လုပ်ငန်းရှင်တစ်ဦးကတော့ လတ်တလော ရန်ကုန်မှာ မီးပျက်ရင်လည်း အချိန်အကြာကြီး ဖြတ်တောက်တာကြောင့် လျှပ်စစ်မီးနဲ့ အလုပ်လုပ်ကိုင်နေရတဲ့ အသေးစားနဲ့ အလတ်စားလုပ်ငန်း လုပ်ကိုင်သူတွေမှာ အခက်တွေ့လာတဲ့လို့ ဆိုပါတယ်။

စစ်ကောင်စီ လက်အောက်ခံ လျှပ်စစ်ဝန်ကြီးဌာနကတော့ သဘာဝဓာတ်ငွေ့ဈေး မြင့်တက်လာတာ၊ ပြည်တွင်းက ရတနာသဘာဝဓာတ်ငွေ့စီမံကိန်းကို ပြုပြင်နေရတာနဲ့ တာဝါတိုင်တွေ မိုင်းခွဲခံရတာတွေကြောင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု ကျဆင်းရတာ ဖြစ်တယ်လို့ ဇန်နဝါရီလ ၆ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။ 

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024