အာဏာသိမ်းကာလ ၁၁ လခွဲအကြာ စစ်တပ်သတ်ဖြတ်မှုကြောင့် ကျဆုံးပြည်သူ ၁၄၇၀ နီးပါး ရှိလာ

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၁၁ လခွဲနီးပါးအကြာ စစ်တပ် ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူပေါင်း ၁၄၆၉ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်း ခံရသူပေါင်း ၁၁၅၅၄ ယောက်ထိ ရှိလာခဲ့ပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၄ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ်ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၈၆၀၃ ယောက် လက်ရှိချုပ်နှောင်ခံထားရ ဆဲဖြစ်ပြီး အဲဒီထဲက ၆၀၃ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက်အပါအဝင် ၄၁ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

ဖမ်းဝရမ်းထုတ်ခံထားရတာကြောင့် တိမ်းရှောင်နေသူ ၁၉၆၆ ယောက်ထဲက မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ ၃၉ ယောက်အပါအဝင် ၁၁၈ ယောက်ကတော့ မျက်ကွယ် ပြစ်ဒဏ်ချခံထားရပြီး သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်းအယောက် ၈၀ ရှိပြီဖြစ်ပါတယ်။

ဇန်နဝါရီ ၁၃ ရက်မနက်ပိုင်းက မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအနီးမှာ လက်လုပ်ဗုံးတစ်လုံး ပေါက်ကွဲခဲ့ပြီးနောက် စစ်အုပ်စုက ရမ်းသန်းပစ်ခတ်ခဲ့တာကြောင့် အသက် ၁၅ နှစ်အရွယ် မသန္တာလှိုင်မှာ ရင်ဘတ်ကို ကျည်ထိမှန်ကျဆုံးသွားခဲ့ပြီး အမျိုးသား ၂ ယောက်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိ ရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၊ ဇနဗျင်းကျေးရွာထဲကို ဇန်နဝါရီ ၁၂ ရက်နေ့က စစ်သားတွေ စီးနင်းဝင်ရောက်လာခဲ့ပြီး အသက် ၈ နှစ်အရွယ် မောင်အောင်ကျော်ဟိန်းကို ပစ်သတ်သွားခဲ့ကြောင်း သိရှိရပါတယ်။ ရွာသားတွေရဲ့ လက်ကိုင်ဖုန်းတွေကို စစ်သားတွေ သိမ်းယူချိန်မှာ မောင်အောင်ကျော်ဟိန်းက ပြန်လည်တောင်းယူတာကြောင့် ပစ်သတ်ခဲ့တာလို့ သိရှိရပါတယ်။

ဒါ့အပြင် ဇန်နဝါရီ ၁၀ ရက်မနက်ပိုင်းကလည်း စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၊ စိန်နန်းကျေးရွာအဝင်ကို အကြမ်းဖက်စစ်အုပ်စုစစ်ကြောင်း ရောက်ရှိလာချိန် အရပ်သား တယောက်ဖြစ်တဲ့ ကိုဝင်းနောင်ကို ပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။ သေနတ်ဒဏ်ရာ ရရှိထားတဲ့ ကိုဝင်းနောင်ကို ညှဉ်းပန်းနှိပ်စက်ကာ စစ်ဆေးမေးမြန်းတာကြောင့် ကျဆုံး သွားခဲ့ကြောင်း သိရပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူ တွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦး တော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကိုသိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီးအချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up