ဘရာဇီးနိုင်ငံရဲ့ လက်ယာစွန်းသမ္မတ ယဲဘော်ဆိုနာရိုရဲ့ ခြိမ်းခြောက်မှုအောက်မှာ မဲပေးစနစ်ရဲ့ တရားဝင်မှုက မေးခွန်းထုတ်စရာဖြစ်နေတာကြောင့် ဘရာဇီးရဲ့ ဒီမိုကရေစီအတွက် ဒီနှစ်ရဲ့ ရွေးကောက်ပွဲဟာ စမ်းသပ်ချက်တရပ် ဖြစ်လာလိမ့်မယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ Human Right Watch က ဇန်နဝါရီ ၁၃ ရက်မှာ ပြောဆိုလိုက်ပါတယ်။
ကမ္ဘာတလွှားက လူ့အခွင့်အရေး အလွဲသုံးစားမှုတွေအတွက် ထုတ်ပြန်တဲ့ နှစ်စဉ်ထုတ် အစီရင်ခံစာထဲမှာ ခုလိုပြောလိုက်တာပါ။
အောက်တိုဘာလ ကျင်းပမယ့် ရွေးကောက်ပွဲတွေကို လှိုက်စားဖို့ ဘော့ဆိုနာရိုရဲ့ ဘယ်လို ကြိုးစားမှုကိုမဆို ကြံ့ကြံ့ခံကြဖို့နဲ့ သတိရှိကြဖို့ ဘရာဇီးတရားရုံးချုပ်၊ အောက်လွှတ်တော်နဲ့ တခြား ဒီမိုကရေစီအဖွဲ့တွေကိုလည်း HRW က တိုက်တွန်းခဲ့ပါတယ်။
ဘော့ဆိုနာရိုဟာ ဒီမိုကရေစီရဲ့ ထောက်တိုင်တွေကို အားနည်းအောင်လုပ်ဖို့ ကြိုးစားနေသလို တရားစီရင်ရေးကဏ္ဍကို တိုက်ခိုက်ပြီး ရွေးကောက်ပွဲ လိမ်လည်မှုအတွက် အခြေအမြစ် မရှိတဲ့ စွဲချက်တွေကို ထပ်ခါတလဲ စွပ်စွဲနေတယ်လို့ HRW ရဲ့ ဘရာဇီးဆိုင်ရာဒါရိုက်တာ မာရီယာ လော်ရာ ကာနီနူက ပြောပါတယ်။
“ဒီမိုကရေစီနည်းကျ တရားဥပဒေစိုးမိုးရေးကို ချိနဲ့အောင်လုပ်ဖို့၊ ဘရာဇီး ပြည်သူအားလုံးရဲ့ အခြေခံ မဲပေးခွင့်ကို ဖယ်ရှားဖို့၊ ဒီမိုကရက်တစ် လုပ်ငန်းစဉ်ကို ချိုးဖျက်ဖို့ အားထုတ်တာတွေ မရှိစေရေး ရွေးကောက်ပွဲနှစ်အတွင်း ကျမတို့ အင်မတန် တပ်လှန့် ထားရလိမ့်မယ်။”
ဘရာဇီးနိုင်ငံအတွင်း ၂၀၂၀ မှာ ရဲတပ်ဖွဲ့ကြောင့် လူသေဆုံးမှု စံချိန်သစ် တင်ခဲ့တာပါ။
ဘရာဇီးအစိုးရဟာ ၁၉၆၄ – ၁၉၈၅ စစ်အာဏာရှင် လက်ထက်က ပြဋ္ဌာန်းခဲ့တဲ့ အမျိုးသား လုံခြုံရေးဥပဒေကို သုံးပြီး နိုင်ငံရေးအရ ဝေဖန်သူတွေကို ရာဇဝတ်ကြောင်းဆိုင်ရာ စုံစမ်းစစ်ဆေး ခဲ့တယ်လို့ HRW ရဲ့ အစီရင်ခံစာက ဆိုထားပါတယ်။