စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ် မြောက်ပိုင်းမှာ ဇန်နဝါရီ ၁၃ ရက်နေ့ မနက်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ ညနေပိုင်းမှာ ပြည်သူ ၁၀ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ခြေလျင် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူတွေနဲ့အတူ ဆက်လက်ထွက်ခွာလာမှာ လမ်းမှာတွေ့တဲ့ ပြည်သူ ၁၀ ဦးကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုခဲ့တာလို့ ဆိုပါတယ်။
ခြေလျင် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ အင်အား ၄၀ ကျော်ဟာ ကွန်းတော်ကျေးရွာက ထွက်ခွာလာပြီး ကြာပင်လှကျေးရွာအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတာကြောင့် အလောင်း ၅ လောင်း မိုင်းဆွဲခံရတဲ့နေရာမှာ ကျန်ရစ်ခဲ့တယ်လို့ သိရပါတယ်။
“ဖြစ်တာက မနက် ၈ နာရီလောက်က ကြာပင်လှနားမှာ ပေါက်ကွဲသွားတာ အသံကို အကျယ်ကြီးပဲ။ ထွက်မကြည့်ကြနဲ့လို့ အချင်းချင်းသတိပေးကြတာ နဲ့ ထွက်မကြည့်ဖြစ်ကြဘူး တစ်ယောက်ကတော့ ပေါက်ကွဲတဲ့နေရာမှာတင် ဝဲပျံသွားတာပဲလို့ ပြောတယ်။ ညနေပိုင်းကျတော့ သူတို့က ခရီးဆက်တာနေမှာပေါ့၊ လမ်းမှာရှိတဲ့လူတွေကို အကုန်ဖမ်းပြီးတော့ သွားတယ် ၁၀ ယောက်လောက်တောင်မကဘူး။ ထိခိုက်မိတဲ့သူတွေကလည်း လိုက်နိုင်သလောက် ဒီတိုင်းလိုက်သွားကြတာပဲ” လို့ ကျေးရွာဒေသခံတစ်ဦးက ပြောပါတယ်။
အရာတော်မြို့နယ်မြောက်ပိုင်းက ကျေးရွာတွေကို ခြေလျင်လှည့်ပတ်သွားလာနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဇန်နဝါရီ ၁၃ရက်နေ့ မနက် ၈နာရီ လောက်မှာ မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် ၁၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကသိရပါတယ်။
စစ်ကောင်စီ တပ်ဖွဲ့တွေက အရာတော်မြို့နယ် မြောက်ပိုင်းက ကျေးရွာတွေမှာ ၄ ရက်တိုင်အောင် ခြေလျင်စစ်ကြောင်းထိုးနေတာလို့ သိရပါတယ်။