မကွေးတိုင်းဒေသကြီး ဆောမြို့နယ်မှာ စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးသွားတဲ့ YDF (ဆော၊ကျောက်ထု) စခန်းကို ပြန်လည်တည်ဆောက်ပြီးပြီလို့ ဇန်နဝါရီ ၁၃ ရက်နေ့က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်တွေဟာ YDF (ဆော၊ကျောက်ထု) စခန်းကို နိုဝင်ဘာလ ၂၀ ရက်နေ့က မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပြီး ပစ္စည်းတစ်ချို့နဲ့ အဆောက်အဦ မီးလောင်ဆုံးရှုံးခဲ့တယ်လို့ YDF(ဆော၊ကျောက်ထု)ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်စီးခံရတဲ့ စခန်းအစား နောက်ထပ် စခန်းတစ်ခုကို ဒီကနေ့မှာ ပြည်သူလူထုပူးပေါင်း အင်အားနဲ့ အသစ်ပြန်လည်တည်ဆောက်ပြီးပြီလို့ ဆိုပါတယ်။
ကန်ပက်လက် CDF ကသင်ကြားပေးတဲ့ YDF (ဆော၊ကျောက်ထု) နဲ့ ကန်ပက် CDF တို့ရဲ့ စစ်သင်တန်း အပတ်စဥ် ၅ သင်တန်းဆင်းပွဲကိုလည်း ဇန်နဝါရီ ၁၂ ရက်နေ့မှာ အောင်မြင်စွာ ကျင်းပနိုင်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်တွေဟာ ဆောမြို့နယ်ထဲကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ကာ ဒေသခံတွေကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်တာတွေအပြင် နေအိမ်တွေကို မီးရှို့ဖျက်ဆီတာ၊ ပစ္စည်းတွေကိုခိုးယူတာနဲ့ အိမ်မွေးတိရစ္ဆာန်တွေကို သတ်ဖြတ်စားသောက်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။