Home
အနုပညာ
ပြည်သူ့ဘက်တော်သား အဆိုတော် လင်းလင်းရေးတဲ့ “တော်လှန်စာ”(ကဗျာ)
DVB
·
January 13, 2022

နွေဦးတော်လှန်ရေးမှာ ရှေ့တန်းတနေရာက ရဲရဲဝံ့ဝံ့ပါဝင်နေတဲ့ ပြည်သူ့ဘက်တော်သား အဆိုတော် လင်းလင်းရေးတဲ့  “တော်လှန်စာ”လို့ အမည်ပေးထားတဲ့ ကဗျာတပုဒ် အခုရက်ပိုင်းမှာ ထွက်ရှိလာပါတယ်။

ဒီကဗျာကိုတော့ ပြည်ထောင်စုလွှတ်တော်ကိုယ်စား ပြုကော်မတီ CRPH-OFP နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီး ဌာန(MOD)တို့ ပူးပေါင်းဆောင်ရွက်​နေတဲ့ “ပြည်သူ့​တော်လှန်​ရေးမိသားစုစကားဝိုင်း” အစီအစဉ်မှာ တင်ဆက်ခဲ့တာ ဖြစ်ပါတယ်။

ပထမဆုံးဖွင့်ပွဲအဖြစ် ကျင်းပတဲ့ ဒီစကားဝိုင်းမှာတော့ လင်းလင်းနဲ့အတူ ​ ပြည်သူ့တော်လှန်​ ရေးမိသားစုဝင်တွေ ဖြစ်ကြတဲ့ ဒေါက်တာဖြိုးသီဟ၊ ခင်နှင်းကြည်သာ၊ မမေဇင်မွန် (Women Alliance Burma)နဲ့ နော်တာလပေါ(PDF, အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်)တို့က ပါဝင်ဆွေးနွေး ခဲ့ကြတာ ဖြစ်ပါတယ်။

⭐️တော်လှန်စာ⭐️

ဒီ​နွေဦး​တော်လှန်​ရေးကြီးက​နေ

ပြည်သူနဲ့ဆန့်ကျင်ဖက် လားရာတစ်​နေရာဆီ

မျဥ်းခြား​ပေးလိုက်တဲ့ အကြမ်းဖက်အဖွဲ့အစည်း​တွေ..

ပုဂ္ဂိုလ်မျိုးစုံ​တွေ..

ကိုယ်ကျိုးရှာ အခွင့်အ​ရေးသမား​တွေ..

နိုင်ငံ​ရေးသစ္စာ​ဖောက်​တွေ..

'ငါ' အ​ခြေပြု ပညာတတ် ​အောက်တန်းစား​တွေ..

အားလုံး.. အားလုံး​သော ထိုသူများဟာ

လူထုတည်​ဆောက်မယ့် နိုင်ငံ့အနာဂတ်ဖွဲ့စည်းပုံမှာ

ဘယ်​ ​​သော အ ခါ မှ...

လူ ​တော မ တိုး ​စေ ရ...

ဤသို့​ပြောလို့ ငရဲရမယ်ဆိုရင်လည်း

ထိုငရဲအား နိဗ္ဗာန်ထက် ပိုရင်ခုန်ပါ၏.. 

​တေး​ရေး လင်းလင်း

၁၂-၁-၂၀၂၂

ပြည်သူ့​တော်လှန်​ရေးမိသားစုစကားဝိုင်းမှ

တေးရေးသူတယောက်လည်းဖြစ်၊ အဆိုတော်တယောက်လည်းဖြစ်တဲ့ လင်းလင်းဟာ “စဉ်းစားပါ”၊ “အမှန်တရား”၊ “သံမဏိလိပ်ပြာ”၊ “စတုတ္ထတော်လှန်ရေး”စတဲ့ တကိုယ်တော် တေးအယ်လ်ဘမ်တွေအပါအဝင် အတွဲသီချင်းအယ်လ်ဘမ်တွေမှာပါ သီဆို အောင်မြင်ခဲ့တဲ့ အနုပညာရှင်တယောက် ဖြစ်ပါတယ်။

ထူးခြားတဲ့ သီချင်းပုံစံတင်ဆက်မှုတွေနဲ့ သူ့သီချင်းတွေဟာ လူငယ်ပရိသတ်တွေ ကြားမှာ ရေပန်းစားသလို နောက်ပိုင်း နိုင်ငံရေးနောက်ခံ အခင်းအကျင်းတွေနဲ့အတူ တမူထူးခြားတဲ့ သူ့ရဲ့ သီချင်းတွေနဲ့လည်း လူသိများသူတဦး ဖြစ်ပါတယ်။

သရုပ်ဆောင် အဆိုတော်တဉီးဖြစ်တဲ့ ချစ်သုဝေနဲ့ လက်ထပ်ခဲ့ပြီး ချစ်စရာ အမြွှာသ မီးလေး ၂ ယောက်ဖြစ်တဲ့ “ခေတ်နဲ့သစ်”အမည်နဲ့ ပရဟိတဖောင်ဒေးရှင်းတခုကို ထူ ထောင်ထားခဲ့ကြတာဖြစ်ပြီး လူမှုရေးလုပ်ငန်းတွေမှာလည်း တက်တက်ကြွကြွ ပါဝင်လေ့ ရှိသူ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ကိုဗစ်-၁၉ ကပ်ဘေးကာလမှာလည်း သူတို့ ဇနီးမောင်နှံဟာ ဖောင်‌ဒေးရှင်းအနေနဲ့ ကျပ်သိန်း ၁၀၀ မတည်ပြီး ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ရေးလုပ်ငန်းတွေအတွက် အလှူငွေ ကောက်ခံပြီး ကျန်းမာရေးဝန်ထမ်းတွေအတွက် လိုအပ်တဲ့ ကာကွယ်ရေးပစ္စည်းတွေကို လှူဒါန်း ပေးနေသလို ချို့တဲ့နွမ်းပါး အိမ်ထောင်စုတွေအတွက်လည်း ထောက်ပံ့မှုတွေ လုပ်ဆောင်ခဲ့တာကို တွေ့ရပါတယ်။

လတ်တလောမှာတော့ သူတို့ ဇနီးမောင်နှံဟာ မတရားစစ်အာဏာသိမ်းကာလ နွေဦး တော်လှန်ရေးမှာ ပြည်သူတွေနဲ့ တသားတည်း ရပ်တည်ကာ တက်တက်ကြွကြွ ပါဝင်ခဲ့ကြပြီး စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့အတွက် အမှုဖွင့်ခံထားရကာ ထွက်ပြေးတိမ်းရှောင် နေကြရတာ ဖြစ်ပါတယ်။

အကြမ်းဖက် အာဏာသိမ်း စစ်ကောင်စီကတော့ တက်ကြွလှုပ်ရှားသူတွေ၊ အနုပညာရှင်တွေကို လူမှုကွန်ရက် စာမျက်နှာကို အသုံးပြုပြီး နိုင်ငံတော် အုပ်ချုပ်မှုယန္တရား ပျက်ပြား စေဖို့ ရည်ရွယ်ချက်နဲ့ နိုင်ငံ့ဝန်ထမ်းတွေကို CDM လှုပ်ရှားမှုမှာ ပါဝင်စေဖို့လှုံ့ဆော်တာ၊ CRPHကို ထောက်ခံတာ စတာတွေကြောင့် အမှုဖွင့်အရေးယူတာလို့ ဆိုပါတယ်။

Photo Credit-Lin Lin

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024