Home
မြန်မာသတင်း
ပခုက္ကူတွင် ဗုံးကွဲသည့်နေရာအနီး စစ်တပ်ကပစ်ခတ်ခြိမ်းခြောက်၊ ဒေသခံတစ်ဦး ဖမ်းဆီးခံရ
DVB
·
January 13, 2022

မကွေးတိုင်းဒေသကြီး ၊ ပခုက္ကူမြို့မှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် ဇန်နဝါရီ ၁၂ ရက်နေ့ ညပိုင်း အနီးပတ်ဝန်းကျင် ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က သေနတ်တွေနဲ့ တရစပ် ပစ်ဖောက် ခြိမ်းခြောက်ခဲ့ပြီး ညအချိန်ထွက်သူတစ်ဦးကို ပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ပေါက်ကွဲမှုဖြစ်စဉ်အနီးပတ်ဝန်းကျင်နေ ဒေသခံတစ်ဦးက “ည ၉နာရီလောက်က စခတွေ လှည်းကင်းပတ်ရင်းနဲ့ ပြည်သူတစ်ဦးကို သေနတ်နဲ့ပစ်ဖမ်းတယ်၊ ပခုက္ကူမြို့သစ်ဘက်မှာ ဖမ်းခံရတာ။  နေ့လယ်က ပေါက်ကွဲခဲ့တဲ့ အနီးနားရပ်ကွက်တွေထဲကိုလည်း သေနတ်တွေပစ်ဖောက်နေတာ တရစပ်ပဲ၊ ကြောက်တော့ ထွက်မကြည့်ရဲကြအောင်လုပ်တာ။ တိတ်ဆိတ် နေတဲ့အချိန် ညဘက်မှာ လာပစ်တာ၊ ပေါက်အောင်လုပ်တာက အဲ့ဒီရပ်ကွက်က ပြည်သူတွေမပါဘူးလေ၊ PDFက လုပ်တာ။ သူတို့ သွားခြောက်ချင်ရင် PDFတွေကို ရင်ဆိုင်လေ၊ မဆိုင်တဲ့ပြည်သူတွေကို လာခြိမ်းခြောက်တာ” လို့ ပြောပါတယ်။

ဇန်နဝါရီ ၁၂ ရက်နေ့ နေ့လယ်ပိုင်းက ပခုက္ကူမြို့၊ ရွှေချောင်း အဝိုင်းအနီးမှာရှိတဲ့ တပ်မ ( ၂၅၉) က ကျောင်းကြိုကား ဗုံးခွဲခံရပြီး လက်မတင်လေး လွတ်သွားခဲ့တယ်လို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။

ဗုံးပေါက်ကွဲပြီးနောက်မှာ စစ်ကောင်စီတပ်က လမ်းသွားလမ်းလာတွေကို တားဆီးစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ပေါက်ကွဲမှုကို မျက်မြင်တွေ့သူတစ်ဦးက “ပေါက်တာက စခနှစ်ကောင်ပါလာတဲ့ ကျောင်းကြိုကား ပေါက်တော့ သီသီလေးပဲလွတ်သွားတယ်။ ဗုံးပေါက်ပြီးပြီးချင်း စခတွေရောက်လာတယ်။ အနီးအနားက နေရာတွေအကုန် ဝင်စစ်တာတွေလုပ်၊ ဆိုင်ကယ်နဲ့ကားတွေကို စစ်ဆေးတာတွေလုပ်ပြီးတော့မှ ဖြတ်ခိုင်းတယ်။ လက်နက်တွေ ဝတ်စုံအပြည့်နဲ့ ပေါက်ကွဲမှုဖြစ်ပြီးကတည်းက ကင်းပတ်နေကြတာ” လို့ ပြောပါတယ်။

ဗုံးဖောက်ခွဲမှုဖြစ်စဉ်ကို ပခုက္ကူမြို့ Young Force – UGအဖွဲ့က လုပ်ဆောင်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။ ပခုက္ကူ ရွှေချောင်းအဝိုင်းအနီးမှာ စစ်ကောင်စီကားကို မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး ဌာနချုပ်ကို ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ထုတ်ပြန်ချက်တွေအတိုင်း ပြည်သူတွေအနေနဲ့ လိုက်နာပေးကြဖို့နဲ့ စစ်ကောင်စီကားတွေရဲ့ အနီးမှာ မနေဖို့ကိုလည်း မေတ္တာရပ်ခံထားပါတယ်။ 

ပြည်သူတွေကို ငဲ့ညှာနေတဲ့အတွက် Misson တွေ ပျက်တာ၊ ဖျက်ရတာတွေရှိတာကြောင့် တော်လှန်ရေးကို အရှိန်အဟန်မြှင့်တင်နိုင်ဖို့ တတ်နိုင်သမျှ ပူးပေါင်းပါဝင်ပေးစေချင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ပခုက္ကူမြို့နယ် ကံတော်ကျေးရွာမှာ CDM ဆရာမ ဒေါ်နွယ်ဇင်ဝေ အပါအဝင် ပြည်သူ ၃ ဦးကို ဇန်နဝါရီ ည ၈ နာရီလောက်မှာ စစ်ကောင်စီတပ်ဖွဲ့က နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024