စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် ရွှေပန်းကုံးကျေးရွာနဲ့ သမ္မရိုးကျေးရွာကြားမှာ မိုင်းဆွဲခံရတာကြောင့် သေဆုံး ပျူစောထီးအလောင်းတွေကို လာကောက်ပြီးပြန်တဲ့ စစ်ကား မိုင်းဆွဲခံရတာကြောင့် ၄ ဦး ထပ်မံသေဆုံးခဲ့တယ်လို့ ၅ မြို့နယ် မဟာမိတ်တပ်ပေါင်းစုက သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့က ဆိုင်ကယ် ၅ စီးနဲ့ ဖောကားအပြာတစ်စီးနဲ့ ပျူစောထီး အလောင်းတွေကို ကောက်ယူပြီးအပြန် ညနေ ၄ နာရီလောက်မှာ အရာတော်မြို့နယ်၊ ဇရစ်ကျေးရွာနဲ့ မြေနက်ကျေးရွာကြားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးခဲ့တာလို့ ဆိုပါတယ်။
၅ မြို့နယ် မဟာမိတ် တပ်ပေါင်းစုအဖွဲ့ဝင် ဝက်လက်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၁ က ဇန်နဝါရီ ၁၀ ရက်နေ့ ညနေပိုင်းက ပျူစောထီးအဖွဲ့ဝင်တွေ စီးနင်းလာတဲ့ ကားကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် ပျူစောထီးအဖွဲ့ဝင် ၇ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသွားတဲ့ ပျူစောထီးအဖွဲ့ဝင်တွေကို ဇန်နဝါရီ ၁၁ ရက်နေ့ မှာ လာရောက်ကောက်ယူစဉ် သမ္မရိုး တံတားပေါ်က သမ္မရိုးကျေးရွာအတွင်း လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် ဝက်လက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ၁ နာရီလောက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အရာတော်မြို့နယ် ငွေတွင်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့ဟာ ငွေတွင်းကျေးရွာနဲ့ အနီးဝန်းကျင် ကျေးရွာတွေက ပြည်သူတွေ စိုက်ပျိုးရရှိတဲ့ သီးနှံတွေကို အခွန်အခ အဖြစ်သိမ်းယူနေတာလို့ ဒေသခံတွေက ပြောပါတယ်။
သလဲဘာကျေးရွာ၊ စပါးတွင်းကျေးရွာ၊ ငွေတွင်းကျေးရွာ၊ ဆိပ်ဖူးကြီးကျေးရွာတွေမှာရှိတဲ့ ပျူစောထီးအဖွဲ့ဝင်တွေအနေနဲ့ လက်နက်ချ အလင်းဝင်ဖို့ ၅ မြို့နယ် မဟာမိတ်တပ်ပေါင်းစုက တိုက်တွန်းထားပါတယ်။
ပြည်သူကို အနိုင်ကျင့်ဗိုလ်ကျမှုတွေ ဆက်လက်လုပ်ဆောင်နေပါက တိုက်ခိုက်ရှင်းလင်းသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။