Home
မြန်မာသတင်း
မင်းတုန်းတွင် တိုက်ပွဲဖြစ်၊ ပခုက္ကူမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးစီးလာသည့်ကားကို စစ်တပ်က မှားယွင်းပစ်ခတ်
DVB
·
January 11, 2022

မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့နယ်မှာ ဇန်နဝါရီ ၁၁ ရက်နေ့ မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၁၁ ယောက်လောက် မိုင်းထိမှန်ဒဏ်ရာရကာ ၈ ယောက်လောက် သေဆုံးနိုင်တယ်လို့ သရက် PDF တပ်ဖွဲ့ဆီက သိရပါတယ်။

မင်းတုန်းမြို့နယ် သမ္ဗူလကျေးရွာနားမှာ ဒီကနေ့ မနက် ၉ နာရီလောက်ကနေ ၁၁ နာရီလောက်အထိ စစ်ကြောင်းဖြန့်လာတဲ့ စစ်ကောင်စီတပ်တွေကို သရက်-ကံမ PDF ပူပေါင်းစစ်ဆင်ရေးအဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သရက် PDF ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ အဲဒီကျေးရွာဘက်တွေက တက်ကြွလှုပ်ရှားသူတွေကို ခြိမ်းခြောက်ရန်ရှာတာ၊ လူသစ် အဓမ္မစုဆောင်းတာနဲ့ တော်လှန်ရေးရဲဘော်တွေကို ဖမ်းဆီးဖို့ စစ်ကြောင်းထိုးလာတာချိန်မှာ မိုင်းဆွဲတိုက်ခိုက်တာလို့ ဆိုပါတယ်။

နှစ်ဘက် အပြန်အလှန်ပစ်ခတ်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်သားတွေ ဆုတ်ခွာသွားကြကာ PDF ရဲဘော်တွေ အထိအခိုက်အကျအဆုံး မရှိခဲ့ဘူးလို့ ဆိုပါတယ်။

ပခုက္ကူမြို့နယ်မှာလည်း ဇန်နဝါရီ ၁၀ ရက်နေ့ ညပိုင်းက စစ်ကောင်စီခန့်  အမှတ် ၆ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ပျူစောထီး ခေါင်းဆောင်တို့ မောင်းလာတဲ့ကားကို စစ်ကောင်စီတပ်သားတွေက ရပ်တန့်ဖို့ တားရာမှာ ရပ်မပေးလို့ မှားယွင်းပစ်ခတ်ပြီး ပျူစောထီး ခေါင်းဆောင် သေဆုံးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

နှစ်ဦးလုံး အပြင်းအထန် ဒဏ်ရာတွေရရှိခဲ့တာကြောင့် ညတွင်းချင်း မန္တလေးဆေးရုံကြီးကို ပို့ဆောင်ခဲ့ရာမှာ ပျူစောထီးခေါင်းဆောင် ရွှေသီးဟာ ဆေးရုံကြီးအရောက်မှာ သေဆုံးခဲ့ပြီး အုပ်ချုပ်ရေးမှူး တင်ကိုးကတော့ ကုသနေဆဲဖြစ်တယ်လို့ သိရပါတယ်။

မြို့ခံတစ်ဦးက “စကစခန့် အုပ်ကြီး ပျူစောထီးခေါင်းဆောင် ရွှေသီး သေတဲ့သတင်းက အတည်ပြုလို့ ရပါပြီ။ အမှတ် ၆ အုပ်ကြီး တင်ကိုးနဲ့ ပျူစောထီး ရွှေသီးတို့က ကားမောင်းလာချိန်မှာ စကစက စစ်ဖို့တားတာ မရပ်ပေးလို့ အပစ်ခံလိုက်ရတာ၊ သူတို့ထောက်ခံတဲ့ စကစကပဲ သူတို့ကို ပြန်ပစ်သတ်သွားတာပဲ” လို့ ပြောပါတယ်။

ကံမမြို့နယ် ထန်းဖြူ(သပြူ) ရွာနားမှာလည်း ဒီဇင်ဘာ ၅ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲလောက်က သရက်/ကံမ ပူးပေါင်း စစ်ဆင်ရေးတပ်ဖွဲ့က သရက်ခရိုင်ရဲမှူး လိုက်ပါလာတဲ့ စစ်ကောင်စီယာဥ်တန်း ကား ၃ စီးကို ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024