ချင်းပြည်နယ်၊ မင်းတပ်မြို့ကနေ မတူပီမြို့ကို ဦးတည်ထွက်ခွာလာတဲ့ စစ်ကောင်စီယာဉ်တန်းကို မိုင်တိုင် ၂၇ နားမှာ ဇန်နဝါရီ ၁၀ ရက် နေ့လယ် ၁ နာရီလောက်မှာ Chin Defense Force က ချုံခိုတိုက်ခိုက်ခဲ့ပါတယ်။
စစ်ကောင်စီတပ်ယာဉ်တန်းဟာ သံချပ်ကာကား ၂ စီးအပါအဝင် ကားအစီးရေ ၉၀ ကျော်နဲ့ ချီတက်လာတာဖြစ်ပြီး တိုက်ခိုက်ချိန်မှာတော့ CDF ရဲ့ နယ်မြေကျွမ်းကျင်မှုကြောင့် အသာစီးရပြီး အထိအခိုက်မရှိ ဆုတ်ခွာလာနိုင်ခဲ့တယ်လို့ CDF ရဲ့ ပြောရေးဆိုခွင့်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။
နှစ်ဘက် အပြန်အလှန်ပစ်ခတ်ချိန်ဟာ နာရီဝက်လောက် ကြာမြင့်ပေမဲ့ စစ်ကောင်စီဘက်က လက်နက်ကြီးအသုံးပြုမှု သိပ်မရှိတဲ့အပြင် ကားတွေပေါ်မှာ ပါလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ များပြားတဲ့အတွက် အထိအခိုက် အကျအဆုံးများနိုင်တယ်လို့ ခန့်မှန်း ပြောပါတယ်။
ဒီတိုက်ပွဲနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်တာမရှိသလို တိုက်ပွဲမှာ နှစ်ဘက် ထိခိုက်သေဆုံးမှု အရေအတွက် အတိအကျကိုလည်း မသိရသေးပါဘူး။
ပြီးခဲ့တဲ့ ၂၀၂၁ နိုဝင်ဘာလမှာလည်း ပလက်ဝမြို့ကနေ မင်းတပ်မြို့ကို ပြန်လည်ဦးတည်လာတဲ့ စစ်ကောင်စီတပ်ယာဉ်တန်းကို တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီ တပ်သားဦးရေ ၆၀ ကနေ ၉၀ အထိ အကျအဆုံးရှိခဲ့တယ်လို့ CDF က ပြောပါတယ်။