တရုတ်နိုင်ငံအလယ်ပိုင်း ဟီနန်ပြည်နယ်၊ ပေကျင်းမြို့တော် အရှေ့တောင်ဘက် ၄၃၄ မိုင်ဝေးတဲ့ ယူကျိုးမြို့က ဒေသခံအားလုံး အခန်းထဲမှာပဲနေကြဖို့နဲ့ မြို့ထဲကနေ မထွက်ကြဖို့ အသွားအလာ ပိတ်ဆို့ ကန့်သတ်မိန့်ထုတ်ထားတာ ၉ ရက်မြောက် ရှိပြီဖြစ်ပါတယ်။
ဆောင်းရာသီအိုလံပစ်ပွဲတော်မစခင် သီတင်းပတ် လေးပတ်အလိုကတည်းက ကူးစက်မှု အသေးစားကို ထိန်းချုပ်ဖို့ အရာရှိတွေက အဆောတလျင် ကြိုးစားနေချိန်မှာ အသစ်ကူးစက်ခံ လူနာရှိခဲ့တာကြောင့် မြို့နေလူဦးရေ ၁ ဒသမ ၁ သန်းရှိတဲ့ မြို့ကို ဇန်နဝါရီ ၂ ရက်ကစပြီး အသွားအလာ ပိတ်ဆို့ကန့်သတ် လော့ဒေါင်းချထားတာပါ။
တရုတ်နိုင်ငံရဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ နောက်ဆုံးလှိုင်း ကူးစက်ရာ အချက်အချာဖြစ်တဲ့ ရှီးအန်းမြို့ စက်မှုဇုန်မှာလည်း သီတင်းပတ် ၂ ပတ်ကြာ အလားတူ ကန့်သတ်ထိန်းချုပ်ထားပါတယ်။
ကပ်ဘေး ဟန့်တားထိန်းချုပ်ရေး မူဝါဒတွေအရ ယူကျိုးမြို့မှာ မြို့ထဲဝင်မယ့် ကုန်ကားမောင်းသူတွေဟာ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံ ဟုတ်၊ မဟုတ် လေးခါ စစ်ဆေးခံဖို့ လိုအပ်တယ်လို့ အစိုးရမီဒီယာမှာ ဖော်ပြထားပါတယ်။
ဒါကြောင့် ကုန်ကားမောင်းသူ လီချောင်ဟာ ဇန်နဝါရီ ၉ ရက်နေ့ထိ သူ့ကားပေါ်မှာ ၇ ရက်တိတိ နေခဲ့ရပြီး ဒေသခံဆိုင်ရှင်က အခမဲ့ ပံ့ပိုးတဲ့ စားစရာတွေနဲ့ ရှင်သန်ခဲ့ရတယ်လို့ ပြောပါတယ်။
သူ့ရဲ့ နောက်ဆုံး စမ်းသပ်ချက်အပြီးမှာ အိမ်ပြန်နိုင်ပြီလို့ လီက အစိုးရရုပ်သံ CGTN ကို ပြောခဲ့ပါတယ်။
ဇန်နဝါရီ ၉ ရက်က တရုတ်တနိုင်ငံလုံးမှာ ဒေသတွင်း ကူးစက်ခံရပြီး ရောဂါလက္ခဏာပြသူ ကူးစက်ခံ အသစ် ၉၇ ယောက် ရှိတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။