ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေကြား တိုက်ပွဲပြင်းထန်နေတဲ့ ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ မိုင်းလုံးရပ် ကွက်အပါအဝင် အနီးအနားကျေးရွာတွေက ပြည်သူတွေ ဒီးမော့ဆိုမြို့နယ်ဘက်ကို သောင်းနဲ့ချီပြီး စစ်ဘေးတိမ်းရှောင်နေရပါတယ်။
စစ်ဘေးရှောင်တွေကို ကူညီနေသူတစ်ဦးက “မိုင်းလုံးဘက်ကနေ ကျနော်တို့ ဒီးမော့ဆိုဘက်က နန်းမယ်ခုံနဲ့ အိုကေရွာဘက်ကို တိမ်းရှောင်လာတာ လူဦးရေ ၁၉၀၀ လောက်ရှိတယ်။ ဒီးမော့ဆိုက အခြားရွာဘက်တွေကို တိမ်းရှောင်လာတာနဲ့ပေါင်းရင် သောင်းဂဏာန်းလောက်ရှိတယ်" လို့ ပြောပါတယ်။
လွိုင်ကော်မြို့နယ်ဘက်က စစ်ဘေးရှောင်တွေဟာ ဒီးမော့ဆိုမြို့နယ်ဘက်ကို ဇန်နဝါရီလ ၇ ရက်နေ့ကနေစတင်ပြီး စစ်ဘေးရှောင်လာကြတာပါ။ ပြည်သူလူထုတွေကို စစ်ကောင်စီတပ်က ပစ်မှတ်ထား တိုက်ခိုက်နေတာကြောင့် တိမ်း ရှောင်လာကြတာလည်းဖြစ်ပါတယ်။
“အကြမ်းဖက်တပ်က အရပ်သားတွေကို လက်ကြီးနဲ့ပစ်တယ်။ ပွိုင့်ဖိုက် စက်သေနတ်ကြီးနဲ့ ပစ်တယ်။ လေယာဉ်တွေနဲ့လည်း ဗုံးလာကြဲတယ်။ အရပ်သားပြည်သူတွေ ထိခိုက်ဒဏ်ရာရ သေဆုံးတာတွေရှိလို့ မနေရဲတော့ဘဲ တိမ်းရှောင်လာတာပါ” လို့ စစ်ဘေးရှောင်တဦးက ပြောပါတယ်။
လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ပစ်ခတ်လို့ အပြစ်မဲ့အရပ်သားပြည်သူ သေဆုံးတာ ၆ ယောက်ရှိနေပြီဖြစ်ပါတယ်။
နှစ်ဖက်တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဘက်က အရာရှိစစ်သည် အများအပြား ထိခိုက်သေဆုံးတာရှိခဲ့ပြီး လက်နက်ခဲယမ်းအများစုကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဘက်က သိမ်းဆည်းရမိခဲ့ပါတယ်။
မိုင်းလုံးတိုက်ပွဲမှာ လွိုင်ကော် (PDF) က ၁ ဦး၊ KNDF က ၁ ဦး ဒီမိုကရေစီရေးအတွက် ကျဆုံးခဲ့ပါတယ်။
လက်ရှိ နှစ်ဖက်စစ်ရေးပြင်ဆင်မှုတွေ ရှိနေပြီး ပစ်ခတ်တိုက်ခိုက်မှုလည်း ဆက်လက်ဖြစ်ပွားနေပါတယ်။