ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်မှာရှိတဲ့ အကျဉ်းထောင်မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကြောင့် ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးသမား ၃၀၀ ကျော် ရှိလာပြီလို့ သိရပါတယ်။
ပုသိမ်ခရိုင်အတွင်းမှာရှိတဲ့ မြို့နယ် ၆ မြို့နယ်က အမျိုးသား ၂၇၀ ကျော်နဲ့ အမျိုးသမီး ၃၀ ကျော် စုစုပေါင်း နိုင်ငံရေးသမား ၃၀၀ ကျော် ပုသိမ်အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတာဖြစ်တယ်လို့ အကျဉ်းထောင်နဲ့နီးစပ်သူတွေက ပြောပါတယ်။
“ဒါက ထောင်ကိုရောက်နေတဲ့ အရေအတွက်ကိုပြောတာ ၃၀၀ ကျော်ဆိုတာက၊ စစ်ကြောရေးနဲ့ ရဲစခန်းမှာ အဖမ်းခံရတာ မပါသေးဘူး၊ သတင်းထောက်တွေရော လွှတ်တော်ကိုယ်စားလှယ်တွေရောပါတယ်” လို့ အကျဉ်းထောင်နဲ့နီးစပ်သူတဦးက ပြောပါတယ်။
ပုသိမ်အကျဉ်းထောင်ထဲ ဖမ်းဆီးခံထားရတဲ့ သတင်းထောက် ၂ ဦးနဲ့ လွှတ်တော်ကိုယ်စားလှယ် ၃ ဦးအပါအဝင် နိုင်ငံရေးသမား ၃၀၀ ကျော်ထဲမှာ ပြစ်ဒဏ်စီရင်ချက်အမိန့်ချပြီးတာ ကျုံပျော်မြို့နယ်က ၃ ဦးသာ ရှိသေးတယ်လို့ ဆိုပါတယ်။