Home
ဆောင်းပါး
မိဘတွေရဲ့ အစွန့်ပစ်ခံ ပြည်သူ့စစ်သည်တွေ
DVB
·
January 9, 2022

” ငါတို့ကို ဖုန်းမဆက်နဲ့၊ နင်ကြောင့် ငါတို့ ဒုက္ခရောက်မယ်” ဆိုတဲ့ မိခင်ဖြစ်သူရဲ့ ဖုန်းထဲက ပြောစကားကြောင့် မသူသူ (အမည်လွှဲ)တစ်ယောက် ဝမ်းနည်းပြီး ငိုမိတယ်။

ဆန္ဒပြမှုတွေ နိုင်ငံရေးလှုပ်ရှားမှုတွေမှာ မပါဝင်စေချင်ခဲ့တဲ့ မိဘဖြစ်သူရဲ့ တားမြစ်မှုတွေကြားကနေ လွတ်မြောက်နယ်မြေကို မသိအောင် ထွက်လာခဲ့ပြီးနောက် တော်လှန်ရေးမှာ ပါဝင်နေတာကို သိရှိသွားတဲ့အချိန် မိဘတွေက မသူသူကို သားသမီးအဖြစ်က စွန့်လွှတ်ကြောင်း ကြေညာခဲ့တယ်။

”ကိုယ့်မိဘတွေက အဲဒီလိုပြောတော့ ဝမ်းနည်းသွားတာပေါ့၊ ဝမ်းနည်းပြီး ဟုတ်ကဲ့ ဖုန်းမဆက်တော့ပါဘူးပေါ့၊ကိုယ့်ကြောင့်နဲ့ ကိုယ့်မိဘတွေဒုက္ခရောက်မှာလည်း စိုးတယ်” လို့ မသူသူက ပြောပါတယ်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီလက်အောက်ခံ သတင်းစာတွေမှာ မကြာခဏ တွေ့မြင်လာရတာက သားသမီးအဖြစ် အမွေပြတ်စွန့်လွှတ်ကြောင်း ဇနီး/ခင်ပွန်းအဖြစ် မသက်ဆိုင်တော့ကြောင်း ပြတ်စဲကြောင်းဆိုတဲ့ ကြေညာချက်တွေပါ။

စစ်ကောင်စီက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)တို့ကို အကြမ်းဖက်အဖွဲ့အစည်းလို့ သတ်မှတ်ပြီး ယင်းအဖွဲ့တွေနဲ့ ဆက်စပ်ပတ်သတ်သူတွေကို ပစ်မှတ်ထား ဖမ်းဆီးနေသလို ကာယကံရှင်ကို မမိတဲ့အခါ မိ သားစုဝင်တွေကို ဖမ်းဆီးတာ၊ နေအိမ်တွေကိုချိတ်ပိတ်တာတွေကို ပြုလုပ်လာကြတယ်။

စစ်အာဏာရှင် တော်လှန်ဆန့်ကျင်နေသူတွေကို အကြောက်တရားရိုက်သွင်းပြီး ရက်ရက်စက်စက် ဖိနှိပ်တဲ့အခါ တော်လှန်ရေး လုပ်ဆောင်နေသူတို့ရဲ့ မိသားစုဝင်တွေကလည်း မသက်သာဘဲ မိဘတွေက ကိုယ့်သားသမီးကို အမွေပြတ်စွန့်လွှတ်တာ၊ ဇနီးမောင်နှံတွေမှာလည် ခင်ပွန်း၊ဇနီးအဖြစ် ပြတ်စဲကြောင်း ကြေညာတာတွေ ပြုလုပ်လာကြတယ်။

တော်လှန်ရေးမှာ ပါဝင်လှုပ်ရှားနေတဲ့ သားသမီးတွေလုပ်ရပ်ကို လက်ခံနှစ်သက်ခြင်း မရှိတဲ့အတွက် အဆက်အသွယ်ဖြတ် စွန့်လွှတ်သလို၊ စစ်ကောင်စီက ကျန်မိသားစုဝင်တွေကိုပါ ဒုက္ခပေးဖမ်းဆီးမှာကို ကြိုတင်ကာကွယ်တဲ့သဘောနဲ့ အမွေပြတ် စွန့်လွှတ်ကြောင်း ကြေညာတာတွေလည်း ရှိလာပါတယ်။

အမွေပြတ်စွန့်လွှတ်ခံရတဲ့ အသက် ၁၉ နှစ် အရွယ် မသူသူက အာဏာသိမ်းပြီးနောက် ဆန္ဒပြပွဲတွေမှာပါဝင်လှုပ်ရှားချင်ပေမယ့် မိဘခွင့်မပြုတာကြောင့် မပါဝင်ခဲ့ရသလို အခြားစစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာလည်း မပါဝင်ခဲ့ရပါဘူး။ စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်နေတဲ့ မိတ်ဆွေသူငယ်ချင်းတွေ  ဖမ်းဆီးခံရတာ သေဆုံးတာတွေကို တွေ့မြင်ကြားသိနေပေမယ့်လည်း ကိုယ်တိုင် မပါဝင်ရတဲ့အခါ လိပ်ပြာမလုံ ဖြစ်မိတယ်။

ဒီလို နေထိုင်လာရင်း အပြစ်မဲ့ပြည်သူများစွာရဲ့ အိုးအိမ်တွေ ဆုံးရှုံးခဲ့ရတဲ့ ထန်တလန်မြို့က မီးလောင်မှုအကြောင်းအရာကို အွန်လိုင်းမှာ ကြည့်ရှုမိရာမှ စစ်ကောင်စီရဲ့ ပြည်သူတွေအပေါ် ဆိုးရွားရက်စက်မှုကို စက်ဆုပ်ပြီး တော်လှန်ရေးမှာ ပါဝင်ဖို့ ဆုံးဖြတ်ခဲ့တယ်။

”ကိုယ်နဲ့သိတဲ့သူတွေ တစ်ဦးပြီးတစ်ဦး ဆုံးရှုံးသွားတာ မြင်ကတည်းက  လိပ်ပြာမလုံခဲ့ဘူး။ ပြီးတော့ ထန်ထလန် မီးလောင်တုန်းက ဗွီဒီယိုလေးကြည့်လိုက်ရတာ ပြည်သူတွေရဲ့ အိုးအိမ်တွေ ဆုံးရှုံးနေရချိန် ကိုယ်က အခန့်သား ထိုင်ပြီး စားနေရတယ်။ သူတို့တွေက ပိုပြီးဒုက္ခရောက်နေတာဆိုတော့ အဲဒါကြောင့် ဒီလမ်းကို ရွေးချယ်ခဲ့တာ”လို့ မသူသူက ပြောတယ်။

မိဘရဲ့ တားမြစ်ချုပ်ချယ်မှုတွေရှိပေမယ့်လည်း တော်လှန်ရေးမှာ တစ်ထောင့်တစ်နေရာကနေပါဝင်ဖို့ ဆုံးဖြတ်ပြီးတဲ့အခါ ညီမဖြစ်သူနဲ့တိုင်ပင်လို့  နိုဝင်ဘာလမှာ အိမ်ကမသိအောင် လွတ်မြောက်နယ်မြေကို ထွက်ခဲ့တယ်။

မသူသူ အိမ်ကနေ ထွက်သွားတဲ့အခါ မိဘတွေက နယ်က အဘွားဖြစ်သူဆီ သွားတယ်ထင်ထားခဲ့ပြီး လွတ်မြောက်နယ်မြေကို ရောက်နေတယ်လို့ သိတဲ့အခါ မိခင်ဖြစ်သူက ဆူပူကြိမ်းမောင်းခဲ့သလို နောက်ရက်မှာ သားသမီးမဟုတ်ကြောင်း ကြေညာလိုက်ပြီ ဆိုပြီး ပြောဆိုခဲ့တယ်။

”အမေတို့က ငါတို့သားသမီးမဟုတ်ကြောင်း  ကြေညာလိုက်ပြီဆိုပြီး ပြောတယ်၊ အငယ်မလေးနဲ့ ဖုန်းပြောနေတဲ့အချိန် အဖေက အကြီးမအကြောင်းကို ဒီအိမ်မှာ မပြောနဲ့။ အကြီးမအကြောင်း ပြောချင်တဲ့သူတွေ သူ့နောက်ကို လိုက်သွားကြလို့ ပြောတဲ့ အချိန် အရမ်းငိုခဲ့ရတယ်” လို့ မသူသူကပြောပါတယ်။

မိဘဆီမှာ သက်သောင့်သက်သာနေထိုင်ခဲ့ရတာကနေ လွတ်မြောက်နယ်မြေကို ရောက်လာပြီး ပင်ပန်းခက်ခဲမှုတွေအကြား ကြိုးစားဖြတ်သန်းနေရချိန် သားသမီးအဖြစ် စွန့်လွှတ်တယ်လို့ပြောတဲ့အခါ မသူသူ စိတ်ထိခိုက်ဝမ်းနည်းခဲ့ရပါတယ်။

“မိဘတွေဆီက ဒီလိုမျိုးကြားရတော့၊ တစ်သက်နဲ့တစ်ကိုယ် မကြားဖူးတာတွေ ကြားရတော့ အရမ်းဝမ်းနည်းတယ်၊ ငိုလည်း ငိုတယ်။ စားလည်းမစားနိုင်ခဲ့ဘူး။ ဒီလိုအချိန်မှာ ရဲဘော်ရဲဘက်တွေရဲ့ ဖေးမမှုကြောင့် ကျော်ဖြတ်နိုင်ခဲ့တာ” လို့ မသူသူက ပြောပါတယ်။

လွတ်မြောက်နယ်မြေကို ရောက်ပြီး ပင်ပန်းတဲ့ လေ့ကျင့်မှုတွေလုပ်ရတဲ့အခါ အများနည်းတူ မလုပ်ဆောင်နိုင်တာ၊ မိန်းကလေးသဘာဝ ဓမ္မတာကာလတွေမှာ စိတ်ပင်ပန်းတာတွေရှိပေမယ့်လည်း ရဲဘော်အချင်းချင်း ဖေးမမှုတွေကြောင့် အဆင်ပြေပြေ ဖြတ်သန်းနိုင်ခဲ့တယ်လို့ ဆိုတယ်။

ဒါ့အပြင်သင်တန်းမှာ အခြားရဲဘော်ရဲဘက်တွေက သူတို့မိသားစုတွေနဲ့ ပြောဆိုဆက်သွယ်တာတွေ လုပ်တဲ့အခါ မသူသူ အတွက် ဝမ်းနည်းစရာအချိန်ပဲလို့ဆိုတယ်။

”ရဲဘော်တွေက ဘာလို့ ဖုန်းမပြောတာလဲမေးတဲ့အခါ၊ သမီးမှာ ဖုန်းပြောစရာ အိမ်မရှိတော့ဘူးဆိုပြီး ဝမ်းနည်းတယ်” လို့ မသူသူက ပြောပါတယ်။

ခက်ခဲကြမ်းတမ်းတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အဖြစ် လျှောက်လှမ်းနေတဲ့ မသူသူကို မိဘတွေက သားသမီးအဖြစ် စွန့် လွှတ်ထားပေမယ့်လည်း သူ့ကြောင့် မိဘတွေအပေါ် ထိခိုက်မှာကိုလည်း အဝေးကနေ စိုးရိမ်တယ်လို့ဆိုတယ်။

” သူတို့သားသမီးက လွတ်မြောက်နယ်မြေရောက်နေတော့ သူတို့ကို အန္တရာယ်များပေးမလားဆိုတဲ့ စိုးရိမ်စိတ်တော့ ရှိတယ်။ အမြဲတမ်းလည်းသူတို့သတင်းကို အခြားသူဆီက နားထောင်နေတယ်ပေါ့၊ အဆင်ပြေရဲ့လားဆိုတာကို” လို့ မသူသူက ပြောတယ်။

သင်တန်းမှာ အနေအထိုင် အစားအသောက် ပင်ပန်းဆင်းရဲမှုတွေ၊ အိမ်ကို လွမ်းဆွတ်မှုဝေဒနာတွေ ရှိပေမယ်လည်း တော်လှန်ရေး အောင်မြင်ဖို့က အဓိကဖြစ်တဲ့အတွက် ဘာတွေပဲ ကြုံလာပါစေ၊ အဆုံးထိ တိုက်ပွဲဝင်သွားမယ်လို့ ဆိုပါတယ်။

”နောက်လည်းမဆုတ်တော့ဘူး၊ ဖြစ်လာခဲ့သမျှ ကိုယ်လုပ်တာကောင်းတယ်လို့ပဲ တွေးမိတယ်ပေါ့။ အဆုံးထိပဲသွားမယ်” လို့ မသူသူက ပြောတယ်။

photo crd: UNITY PDF

စစ်ကောင်စီရဲ့ဖိနှိပ်မှုတွေကြောင့် သားသမီးအဖြစ်စွန့်လွတ်ကြောင်း ဇနီး/ခင်ပွန်းအဖြစ်ပြတ်စဲကြောင်း စစ်ကောင်စီရဲ့ သတင်းစာမှာ ကြေညာတာတွေက နေ့စဉ်နဲ့ အမျှပါ၊ ဒီလိုကြေညာခဲ့သူတွေထဲ အဆိုတော်ကျားပေါက်၊ရုပ်ရှင်သရုပ်ဆောင် ပိုင်ဖြိုးသု ၊၊မြန်မာ့အသံမှ သတင်းတင်ဆက်သူ ဦးကျော်သက်လင်းနဲ့ အခြားပြည်သူများစွာလည်းပါဝင်နေပါတယ်။

” အမွေပြတ်စွန့်လွှတ်တယ်လို့ လာပြောတာ ကြားလိုက်ရတော့ ရင်ထဲဟာသွားတယ်။ ဘာမှမရှိတော့သလိုခံစားလိုက်ရတယ်” လို့ သမီးအဖြစ် အမွေပြတ်စွန့်လွှတ်ကြောင်းကြေညာခံခဲ့ရတဲ့ မစုစံ(အမည်လွှဲ)ကပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ဖြစ်တဲ့ မစုစံက အာဏာသိမ်းပြီးနောက် ဆန္ဒပြလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့သူဖြစ်ပြီး ဧပြီလကုန်ပိုင်းမှာ အာဏာရှင်ကို လက်နက်ကိုင်ဆန့်ကျင်ဖို့ လွတ်မြောက်နယ်မြေကို ရောက်ရှိလာတာပါ။

လွတ်မြောက်နယ်မြေမှာ စစ်သင်တန်းတက်ရောက်နေတာကို မိဘတွေက တားမြစ်ခဲ့ပေမယ့် အစောပိုင်းကာလတွေမှာ မိသားစုတွေနဲ့ အဆက်အသွယ်ရှိနေပါသေးတယ်။ စစ်ကောင်စီက မစုစံကို နေအိမ်မှာ လာရောက်ရှာဖွေတဲ့အချိန် မတွေ့တဲ့အခါ မိသားစုဝင်တဦးကို ဖမ်းဆီးသွားပြီးနောက် အိမ်နဲ့အဆက်အသွယ်ပြတ်ခဲ့ပြီး သူ့ကိုသတင်းစာမှာ သမီးအဖြစ် အမွေ ပြတ်စွန့်လွှတ်ကြောင်းကြေညာခဲ့တာလို့ မစုစံက ပြောတယ်။

” ကိုယ့်ကို လာရှာရင်း မတွေ့လို့ မိသားစုဝင်တယောက်ကို ဖမ်းသွားတဲ့ အချိန်ကတည်းက အိမ်နဲ့အဆက်အသွယ်ပြတ်ခဲ့တာ လေးလနီးပါးရှိတော့မယ်။ အမွေဖြတ်လိုက်မယ်လို့လည်း မတွေးမိခဲ့ဘူး။ အစ်ကိုဝမ်းကွဲ လာပြတဲ့အချိန် ရှော့ရသွားတယ်” လို့ မစုစံက ပြောတယ်။

လက်နက်ကိုင် တိုက်ပွဲဝင်ဖို့ အိမ်ကနေခွဲခွာပြီး အနေအစားဆင်းရဲတဲ့နေရာမှာ ပင်ပင်ပန်းပန်းလေ့ကျင့်မှုတွေ အစစအရာရာ မပြည့်မစုံနဲ့နေရတဲ့အချိန် မိသားစုကလည်းအဆက်အသွယ်ဖြတ်ထားတဲ့အခါ ငယ်ရွယ်တဲ့သူ့အဖို့ အိမ်လွမ်းတဲ့ဒဏ်နဲ့ အား ငယ်တာအမှန်ပဲလို့မစုစံကဆိုတယ်။

ဒီလိုအချိန်မှာ အတူတူတိုက်ပွဲဝင်နေတဲ့ရဲဘော်ရဲဘက်တွေရဲ့ ကူညီဖေးမမှုကြောင့်သာ အခက်အခဲတွေ ပင်ပန်းမှုတွေကနေ ဖြတ်ကျော်နိုင်တာလို့ဆိုပါတယ်။

”ညပိုင်းဆိုရင် တော်တော်လွမ်းတယ်။ ငိုရတာလည်းရှိတယ်။ အိမ်ကိုလွမ်းတာ ဒါပေမဲ့ တိုက်ပွဲကာလဖြစ်နေတော့ အာရုံစိုက်ရတာပေါ့”လို့ မစုစံက ပြောပါတယ်။

မစုစံက လွတ်မြောက်နယ်မြေမှာ ထောက်ပို့ပိုင်းတွေ မြေပြင်လှုပ်ရှားမှုတွေမှာ ပါဝင်ကူညီနေပြီး ဘယ်လိုပဲခက်ခဲပင်ပန်းမှု တွေရှိပေမယ့်လည်း တော်လှန်ရေးပြီးဆုံးတဲ့အထိ ပါဝင်သွားမယ်လို့ ဆိုတယ်။

ဘာအကြောင်းကြောင်းနဲ့ စွန့်လွှတ်  မိဘတွေဆီက စွန့်လွှတ်ခံခဲ့ရတဲ့အတွက် သားသမီးတွေကလည်း  ဝမ်းနည်းရသလို မိဘတွေမှာလည်း တော်လှန်ရေးထဲ ပါဝင်နေတဲ့ ကိုယ့်သားသမီးမှာ ဘယ်နေ့ သတင်းဆိုးနဲ့ကြုံရမလဲ၊ ဘယ်အချိန် ကိုယ့်သား သမီးနဲ့ ဆက်စပ်ပြီး ကျန်မိသားစုဝင်တွေအပေါ် ဒုက္ခပေး ဖမ်းဆီးခံရမလဲဆိုတဲ့ အပူအပင်တွေနဲ့ နေထိုင်နေရတယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးရဲ့မိခင် ဒေါ်ခင်ဌေး(အမည်လွှဲ)က ပြောပါတယ်။

ဒေါ်ခင်ဌေးရဲ့ သားဖြစ်သူကလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အဖြစ် မြေအောက်လှုပ်ရှားမှုတွေမှာ လုပ်ဆောင်ခဲ့သလို  လက်ရှိမှာလည်း လွတ်မြောက်နယ်မြေကိုရောက်ရှိနေတာကြောင့် သားဖြစ်သူအပေါ် စိုးရိမ်မှုတွေအပြင် မိသားစုဝင်တွေရဲ့ လုံခြုံရေးကိုပါ နေ့စဉ်နဲ့အမျှ ပူပန်နေရတယ်လို့ဆိုတယ်။

သားဖြစ်သူက လွတ်မြောက်နယ်မြေမှာ စစ်သင်တန်းတက်ရောက်စဉ်ကတည်းက နေအိမ်ကနေ လအတန်ကြာ ပျောက်နေတဲ့ သားဖြစ်သူကို ဆွေမျိုးတွေနဲ့ ရပ်ကွက်က လူတချို့မေးတဲ့အခါတိုင်း ရင်တထိထိတ်နဲ့ ကြည့်ကောင်းအောင် လွဲပြီး ဖြေဆိုနေရတယ်။

စစ်သင်တန်းကပြန်လာပြီး ရန်ကုန်က လှုပ်ရှားမှုအချို့မှာ ပါဝင်နေသလို မကြာသေးမီရက်ပိုင်းက လွတ်မြောက်နယ်မြေကို ပြန်သွားတာကြောင့် အပူပေါ် အပူဆင့်ခဲ့ရတယ်။

” အန်တီက မသွားစေချင်တာကို အတင်းထွက်သွားတာ သူကတော့ သားသမီးအဖြစ် စွန့်လွှတ်လိုက်တယ်ဆိုပြီး ကြေညာခိုင်းပေမယ့် ဘယ်လိုကြေညာရက်မှာလဲ၊ ဒါပေမဲ့လည်း မိသားစုလုံခြုံရေးကိုလည်း တွက်ရတာရှိသေးတယ်”လို့ ဒေါ်ခင်ဌေးကဆိုတယ်။

တော်လှန်ရေးလုပ်ဆောင်နေသူ သားသမီးကို မတွေ့လို့ မိဘမောင်နှမတွေကို ဖမ်းဆီးတာတွေကြောင့် မိသားစုအချို့က ကိုယ့်သားသမီးကို အမွေပြတ်စွန့်လွှတ်ကြောင်း ကြေညာတာတွေရှိပြီး ဒေါ်ခင်ဌေးလည်း အများကြေညာနေကြသလို သားသမီးအဖြစ် စွန့်လွှတ်ကြောင်းကြေညာဖို့ စဉ်းစားမိပေမယ့် မိသားစုမှာ သားယောကျာ်းလေး တစ်ဦးတည်းမို့ အချစ်ပို တာရယ်၊ အမွေပြတ်စွန့်လွှတ်တယ်လို့ ကြေညာလိုက်မှ ရပ်ကွက်အသိုင်းအဝိုင်းမှာ ပိုပြန့်နှံ့ပြီး သတိထားမိမလားဆိုတာရယ်ကြောင့် တွေးပူရတယ်လို့ ဆက်ပြောပါတယ်။

တော်လှန်ရေးအတွက် လွတ်မြောက်နယ်မြေကို ထွက်သွားတဲ့သားဖြစ်သူကို မတားမြစ်နိုင်ပေမယ့် ဘေးအန္တရာယ်ကင်းစေဖို့ သတိ ဝီရိယနဲ့နေဖို့အပြင် လူမှုကွန်ရက်မှာလည်း ပေါ်ပေါ်ထင်ထင်မနေ မရေးသားဖို့ မှာကြားရတယ်လို့ ဆိုတယ်။

” သူ့အတွက်လည်း အန္တရာယ်ကင်းဖို့ ဆုတောင်းရတဲ့အပြင် ကိုယ့်မိသားစုပါ ဘာမှမဖြစ်ဖို့ဆုတောင်းနေရတယ်၊ ပတ်ဝန်းကျင်က မေးရင်လည်း ကောင်းသလိုဖြေရမှာပဲ”လို့ ဒေါ်ခင်ဌေးကဆိုတယ်။

မိသားစုနဲ့ ခွဲခွာပြီး အန္တရာယ်များတဲ့လမ်းကို ရွေးချယ်ခဲ့တဲ့အခါ မိသားစုရဲ့ အားပေးမှုတွေက ခွန်အားဖြစ်စေသလို ဒီလို အဆက်အသွယ်ဖြတ် စွန့်လွှတ်မှုတွေကြုံရတဲ့အခါမှာလည်း နှောင်ကြိုးကင်းကင်းနဲ့လုပ်ဆောင်နိုင်တယ်လို့ သဘောထားပြီး ဖြတ်သန်းရတယ်လို့ မိခင်ဆီက သားသမီးအဖြစ်စွန့်လွတ်ခံထားရသူ ကိုလင်းပြည့်(အမည်လွှဲ) ပြောပါတယ်။

” ရင်ထဲမှာတော့ ဘယ်လိုပဲခံစားခံစား ဒါကိုမြိုသိပ်ထားလိုက်တယ်။ ကိုယ်ရွေးခဲ့တဲ့လမ်းကလည်း လွမ်းနေမယ့်လမ်းကို ရွေးခဲ့တာမဟုတ်ဘူး။ ပန်းမယ့်လမ်းကိုရွေးခဲ့တာဆိုတော့  ရှေ့ဆက်ပြီးတော့သွားနေမယ်။   ဒီလိုမျိုးအနှောင်အကြိုးတွေ မရှိတော့ နောက်ပြန်ကြည့်စရာမလိုခဲ့ဘူး”လိ့ု ကိုလင်းပြည့်ကပြောတယ်။

စစ်ကိုင်းတိုင်းဒေသကြီးက မြို့နယ်တစ်ခုမှာနေထိုင်တဲ့ကိုလင်းပြည့်က အာဏာသိမ်းကာလကစလို့ သူတို့မြို့နယ် က  စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ ရှေ့တန်းကပါဝင်လုပ်ခဲ့သလို တိုက်ပွဲတွေဖြစ်လာတော့လည်း စစ်ဘေး ရှောင်တွေကိုကူညီတာ တော်လှန်ရေးလှုပ်ရှားမှုတွေမှာပါဝင်တာနေတာပါ။

ဖေဖော်ဝါရီကတည်းက အိမ်နဲ့ခွဲခွာလို့ တော်လှန်ရေးမှာ တက်တက်ကြွကြွပါဝင်နေတဲ့ ကိုလင်းပြည့်ကို ဧပြီမှာ မိသားစု တွေက သားအဖြစ် စွန့်လွှတ်ခဲ့တယ်။

” အိမ်ကပြောတယ် ဒါတွေဆက်လုပ်နေမှာလား အိမ်နဲ့အဆက်အသွယ်ဖြတ်မှာလားဆိုပြီး ပြောတော့ … ရတယ် အဆက် အသွယ်ဖြတ်မယ်…တော်လှန်ရေးကတော့ ဆက်လုပ်နေရမှာပဲ “လို့ ကိုလင်းပြည့်က ပြောတယ်။

ဆန္ဒပြလှုပ်ရှားစဉ်ကတည်းက ရဲစခန်းက ကိုလင်းပြည့်ကို နေအိမ်မှာ လာရောက်ရှာဖွေခဲ့သလို သူ့ကိုမတွေ့တာကြောင့် မိခင်ဖြစ်သူကို စစ်မေးတာတွေ ရှိခဲ့တယ်။ လက်ရှိအချိန်ထိ သူ့ကို အလိုရှိနေဆဲဖြစ်တော့ မိသားစုအတွက် စိုးရိမ်ပူပန်စိတ်တော့ ရှိတယ်လို့ ဆက်ပြောပါတယ်။

တော်လှန်ရေးမှာ ပါဝင်နေလို့  သားသမီးအဖြစ် အမွေပြတ်စွန့်လွတ်ခံထားရပေမယ့် မိသားစုဝင်တွေရဲ့ သတင်းကိုတော့ အမြဲနားစွင့်နေပြီး သူတို့အားလုံးကျန်းမာဖို့ အန္တရာယ်ကင်းဖို့လည်း မျှော်လင့်ဆုတောင်းရတယ်လို့ သားသမီးအဖြစ်စွန့်လွှတ် ခံရသူတွေကဆိုပါတယ်။  

အားလုံးရဲ့ တူညီတဲ့မျှော်မှန်းချက်က အာဏာရှင်အမြစ်ပြတ်ပြီး တိုက်ပွဲအောင်မြင်ဖို့ဖြစ်တဲ့အတွက် လက်ရှိမှာ တော်လှန် ရေးအောင်မြင်ဖို့ အာရုံစိုက်ထားပြီး တိုက်ပွဲတွေပြီးဆုံးတဲ့အခါကျရင်တော့ မိဘတွေဆီက ခွင့်လွှတ်မှုရဖို့ တောင်းပန်ချင်တယ်လို့ မစုစံကဆိုတယ်။

”အဓိကက အိမ်ကို တောင်းပန်ရမှာပေါ့။ အိမ်ကသူတွေ အပြစ်မရှိဘဲ ထောင်ကျနေတာ။ မိသားစုကိုလည်း တောင်းပန်တယ်လို့ ပြောချင်တယ်” လို့ မစုစံက ပြောတယ်။

မိသားစုကို သတိရလွမ်းဆွတ်တိုင်း ကဗျာတွေရေးလေ့ရှိတဲ့ မသူသူကတော့ စစ်ကောင်စီရဲ့ ရက်စက်မှုတွေကြောင့် သားသမီးတွေကို မစွန့်လွှတ်ချင်ဘဲ စွန့်လွှတ်ရတဲ့ မိဘတွေရဲ့ ခံစားမှုကို နားလည်တယ်လို့ဆိုတယ်။

အာဏာရှင်ပြုတ်ကျပြီး ဒီမိုကရေစီအမြန်ဆုံးရမှ သားသမီးအဖြစ် စွန့်လွှတ်ခံထားရတဲ့ အခြားသောသူတွေရဲ့ ဘဝလည်း အေးချမ်းပြီး မိသားစုတွေလည်း ပြန်လည်ဆုံစည်းနိုင်မှာဖြစ်တဲ့အတွက် အမှန်တရားဘက်ကနေ အဆုံးထိ တိုက်ပွဲဝင်သွားမှာဖြစ်သလို အားလုံးပြီးဆုံးသွားရင်တော့ မိသားစုနဲ့အတူတူ ပြန်နေချင်တယ်လို့ မသူသူဆိုတယ်။

” မေမေတို့ ပြန်ခေါ်ရင်တော့ သွားမှာပေါ့၊ သားသမီးဆိုတာတော့ ပစ်ရိုးထုံးစံမရှိပါဘူး။  သူ့အကြောင်းကြောင့် ပစ်ခဲ့တယ် ဆိုရင်တောင် မေမေ့ကို လွမ်းနေမယ် “

ဒေဝီ

hiburma.net ဝက်ဘ်ဆိုက်မှ ပြန်လည်ဖော်ပြသည်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024