ဧရာဝတီတိုင်း၊ မအူပင်မြို့မှာ စစ်အုပ်စုပိုင် မိုင်တဲလ်တာဝါတိုင် ဖောက်ခွဲခံရပြီးနောက်ပိုင်း စစ်ကောင်စီတပ်သားတွေက ဒေသခံပြည်သူ ၁၀ ဦးကျော်ကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပါတယ်။
ရေလဲလေးကျေးရွာအုပ်စု ဘုရားကုန်းကျေးရွာအနီးက စစ်အုပ်စုပိုင် မိုင်တဲလ်တာဝါတိုင် ဇန်နဝါရီ ပထမပတ်မှာ ဖောက်ခွဲခံရပြီးနောက်ပိုင်း တာဝါတိုင်အနီးတဝိုက်မှာရှိတဲ့ ကျေးရွာတွေက ဒေသခံပြည်သူတွေကို စစ်ကောင်စီတပ်သားတွေက လိုက်လံဖမ်းဆီးနေတာလို့ ဒေသခံပြည်သူတွေက ပြောပါတယ်။
“ကျနော်သိသလောက်ဆို အားလုံး ၈ ယောက်လောက်ရှိမယ်။ မက်လောင်က ၄ ယောက်၊ ဘုရားကုန်းက ၄ ယောက်၊ တခြားရွာတွေကလည်း အဖမ်းခံရတာရှိသေးတယ်။ ဆိုင်ဆိုင် မဆိုင်ဆိုင်ဖမ်းနေတာ” လို့ ဒေသခံပြည်သူတဦးက ပြောပါတယ်။
စစ်အုပ်စုပိုင် မိုင်တဲလ်တာဝါတိုင်ကို ဖောက်ခွဲဖျက်ဆီးတာဟာ ဧရာဝတီနယ်လှည့်ပြောက်ကျားတပ်ဖွဲ့ကဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပေမယ့် မဆိုင်တဲ့ ဒေသခံပြည်သူတွေကို စစ်အုပ်စုက ဖမ်းဆီးနေတာလို့ ဆိုပါတယ်။
ဧရာဝတီတိုင်းမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အုပ်စုပိုင် မိုင်တဲလ်တာဝါတိုင် ဖျက်ဆီးခံရတာ ၃၀ ကျော်ထိရှိလာပြီဖြစ်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။