Home
မြန်မာသတင်း
ကော့ကရိတ် မြို့ဟောင်းရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ် ဒေသခံ ၈ ဦး ထိမှန်
DVB
·
January 8, 2022

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ အာရှလမ်းဘေးအနီးမှာရှိတဲ့ ​မြို့ဟောင်းကျေးရွာဘက်ကို စစ်ကောင်စီတပ်က ဇန်နဝါရီ ၈ ရက် ဒီမနက် ၉  နာရီလောက်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက်  ပြည်သူ  ၈ ယောက်ထိမှန်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကော့ကရိတ်မြို့အခြေစိုက် စခက ၁၂ လက်အောက်ခံ နယ်မြေခံတပ်ရင်း ခလရ ၉၇ ကနေ လက်နက်ကြီး ၁၂၀ မမ ကျည်နဲ့ ပစ်ခတ်ခဲ့တဲ့အတွက် မြို့ဟောင်းကျေးရွာက ပြည်သူတွေ ကျည်ဆန်စ ထိမှန် ဒဏ်ရာရသွားတာဖြစ်ပြီး ရွာသားတယောက် သေဆုံးသွားတယ်လို့သတင်းထွက် နေပေမဲ့ အတည်မပြုနိုင်သေးပါဘူး။

မနေ့ကကော့ကရိတ်မြို့နယ် ကျိုက်ဒုံလမ်းခွဲအနီး အာရှလမ်းမပေါ်မှာ လောင်စာဆီကား ပစ်ခတ်တိုက်ခိုက်ခံရလို့ မီးလောင်ပျက်စီးခဲ့ပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ထပ်မံပစ်ခတ်ခဲ့တာပါ။

မြို့ဟောင်းကျေးရွာသားတစ်ဦးက"ညက အပစ်ခံရတဲ့ကား မီးလောင်တာကို မကျေနပ်လို့ပစ်တာ။ ပစ်ခံရတာ ရွာသားတွေ နေတဲ့နေရာလေ။ တိုက်ပွဲဖြစ်ဖြစ် ဘာဖြစ်ဖြစ် အပြစ်မရှိတဲ့ရွာတွေကို လက်နက်အားကိုးနဲ့ ဒီလိုပစ်လို့ရလား။ ဒေသခံတွေမှာ ဘာအပြစ်ရှိလို့လဲ။ လူသားချင်းမစာမနာ စကစက မဲမဲမြင်ရာ လိုက်ကိုက်နေတာ" လို့ ဆိုပါတယ်။

ပစ်ခတ်လို့ ဒဏ်ရာရှိသူတွေကို ကေအန်ယူ နယ်မြေခံကျန်းမာရေးဝန်ထမ်းတွေက ဆေးကုသပေးနေပေမဲ့ လူနာ ၃ ယောက်က  ဒဏ်ရာပြင်းထန်တယ်လို့ ကေအန်ယူ သတင်းရင်းမြစ်ထံက သိရပါတယ်။

လက်နက်ကြီးပစ်ခတ်မှာကြောင့် ဘုန်ကြီးကျောင်းနဲ့ နေအိမ် ၃ လုံးပါ ထိမှန်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ကော့ကရိတ်မြို့အရှေ့ဘက် တစ်တန်ကူးရွာအတွင်းကိုလည်း လက်နက်ကြီးကျည်ကျပြီး ပေါက်ကွဲမှုမဖြစ်တဲ့အတွက် ထိခိုက်ပျက်စီးတာမရှိပါဘူး။ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အနီးနားကျေးရွာတွေက ဒေသခံတွေ စစ်ဘေးရှောင်ထွက်ပြေးနေရတယ်လို့ ရွာသားတစ်ဦးက ပြော ပါတယ်။

မနေ့က အာရှလမ်းပေါ်  လောင်စာဆီတင်ဆောင်လာတဲ့ယာဉ် ပစ်ခတ်တိုက်ခိုက်ခံရပြီး   မီးလောင်ပျက်စီးခဲ့တဲ့ယာဥ်ဟာ AwRa Trading Co.,ltd.(ThaiGas) ကုမ္ပဏီက ထင်းအစားထိုးလောင်စာ ဓာတ်ငွေ့ရည်(LPGas) တင်ဆောင်လာတဲ့ တွဲကားဖြစ်တယ်လို့  သြရကုမ္ပဏီရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024