စစ်ကိုင်းတိုင်း၊ ထီးချိုင့်တံတားထိပ်ကနေ စစ်ကောင်စီတပ်တွေ ပစ်ခတ်ခဲ့တဲ့လက်နက်ကြီးကျည်ဟာ ထီးချိုင့်မြို့အနီးက ကျေးရွာ လူနေအိမ်တွေအနီးသို့ ကျရောက်ပေါက်ကွဲခဲ့တယ်လို မြို့ခံတွေထံက သိရပါတယ်။
ဇန်နဝါရီ ၇ ရက် ည ၈ နာရီလောက်က ပစ်ခတ်ခဲ့တာဖြစ်ပြီး ထီးချိုင့်မြို့ကပ်လျက် တောင်ဘက်က ပိန္နဲကုန်းဘုန်းကြီးကျောင်းခေါင်းရင်းကို လက်နက်ကြီးကျည် နှစ်လုံးကျရောက် ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
“လူတွေတော့ မထိခိုက်ဖူး၊ ဒါပေမဲ့ တိုက်ပွဲလည်းမဖြစ်ဘဲ တံတားကနေပြီး ရမ်းပစ်တာတွေလေ၊ လျှောက်ပစ်တဲ့ခါကျတော့ ဒီကလူတွေလည်း အကုန်လုံးကြောက်လန့်ပြီးတော့မှ နေရတာပေါ့၊ ထိတ်လန့်တကြားဖြစ်နေတာပေါ့” လို့ ထီးချိုင့်မြို့ခံတစ်ဦးက ပြောပါတယ်။
လူနေအိမ်အနီး စိုက်ခင်းမြေကွက်တွေအတွင်း လက်နက်ကြီးကျည် ကျရောက်ခဲ့ပေမဲ့ အခြားထိခိုက်မှုတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။
ဒါ့အပြင် ထီးချိုင့်မြို့နယ်အတွင်းမှာလည်း လေကြောင်းတိုက်ခိုက်မှုလုပ်မယ်လို့ စစ်ကောင်စီဘက်က ကြေညာထားလို့ ပြည်သူတွေ ထိတ်လန့်ကြောက်ရွံ့နေကြရတယ်လို့လည်း သိရပါတယ်။
ထီးချိုင့်မြို့မှာ စစ်ကောင်စီတပ်တွေ နေရာအနှံ့ယူထားပြီး အနီးအနားကျေးရွာတချို့နဲ့ တောင်ရိုးတွေမှာလည်း တပ်တွေဖြန့်ထားတယ်လို့ သိရပါတယ်။