ကယားပြည်နယ်၊ လွိုင်ကော်မြို့ပေါ်မှာ ဇန်နဝါရီ ၇ ရက်က စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ် KNDF တို့အကြားဖြစ်ပွားတဲ့တိုက်ပွဲအတွင်း ပိတ်မိနေတဲ့ပြည်သူတွေကို ကယ်ထုတ်ပေးနေတဲ့ CDM ကျောင်းဆရာ ရဲဘော်တယောက် လက်နက်ကြီးကျည်ဆန်ထိမှန် ကျဆုံးသွားပါတယ်။
ကျဆုံးခဲ့သူကတော့ KNDF တပ်ဖွဲ့ဝင် အသက် ၂၀ အရွယ် CDM ကျောင်းဆရာ ရဲဘော်ကိုနိုင်လင်း ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် KNDF တပ်ရင်း ၆ က ရဲဘော်တယောက်လည်း ခြေထောက်ဖြတ်လိုက်ရသလို KNDFတပ်ရင်းတွေက ရဲဘော်တွေအပါအဝင်၊ ဒေသခံကာကွယ်ရေးတပ်တွေ၊ ပြည်သူတွေထဲကပါ အထိအခိုက်အများအပြား ရှိပါတယ်လို့ KNDFရဲ့ တာဝန်ရှိသူတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီနဲ့ ဒေသတွင်းတပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်နေတဲ့အတွက် လွိုင်ကော်မြို့ပေါ် ရပ်ကွက်တချို့က ပြည်သူတွေ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။
စစ်ကောင်စီတပ်တွေကလည်း မြေပြင်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတဲ့အပြင် ဝေဟင်ကနေလည်း လေကြောင်းတိုက်ခိုက်တာတွေလည်း အပြင်းအထန် ပြုလုပ်နေပါတယ်။