ဧရာဝတီတိုင်းမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဒီဇင်ဘာလပိုင်းကစတင်ကာ စစ်ကောင်စီ တပ်သားတွေက လောင်းကစားဝိုင်းတွေကို ပိုက်ဆံတောင်းပြီး တရားဝင်ပုံစံမျိုး ခွင့်ပြုတာတွေပြုလုပ်လာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဧရာဝတီတိုင်း ၂၆ မြို့နယ်မှာ လောင်းကစားဝိုင်းတွေကို လိုင်းကြေးယူပြီး ခွင့်ပြုထားတာ ဖြစ်ပြီး လောင်းကစားဝိုင်းတွေကို တောဘက်တွေမှာ ပိုမိုပြုလုပ်လေ့ရှိတယ်လို့ ဒေသခံပြည်သူတွေ ကပြောပါတယ်။
ပုသိမ်မြို့ခံတဦးက “အာဏာသိမ်းပြီး ချက်ချင်းလုပ်တာ မဟုတ်ဘူး ၅ လလောက်ကြာမှာစတာ။ မြို့ပေါ်မှာတော့ အဲ့လောက် မဟုတ်ဘူး တောဘက်ပေါ့။ ပြောရရင် ဘာမှမသိတဲ့ သူတွေလုပ်တာပေါ့။ ကြက်ဝိုင်းရှိတယ်၊ ဂျင်ဝိုင်းရှိတယ်၊ ဖဲဝိုင်းရှိတယ် ဒါက အလုပ်အများဆုံးတွေကိုပြောပြတာ”လို့ ပြောပါတယ်။
အရပ်သားအစိုးရလက်ထက်ကလည်း လောင်းကစားဝိုင်းတွေကို ရဲတွေက လိုင်းကြေးရယူပြီး ခွင့်ပြုပေးတာ ရှိပေမဲ့ အာဏာသိမ်းစစ်ကောင်စီလက်ထက်မှာ နှစ်ဆလောက်ပိုမိုများပြားလာတာလို့ ဆိုပါတယ်။
ဧရာဝတီတိုင်းအတွင်း မြို့နယ်တွေမှာ ပြုလုပ်တဲ့ လောင်းကစားဝိုင်းတွေကို သက်ဆိုင်ရာ ရဲစခန်းမှူးတွေနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက လိုင်းကြေးရယူပြီး ခွင့်ပြုပေးထားတာဖြစ်တယ်လို့ သိရပါတယ်။