ယူကရိန်းသမ္မတ နုတ်ထွက်ရေး ဆက်လက်ဆန္ဒပြ

ယူကရိန်းဝန်ကြီးချုပ် မိုက်ကိုလာ အဇိုရော့ဖ် ရာထူးက နုတ်ထွက်ခဲ့ပေမယ့်လည်း ရာနဲ့ချီတဲ့ ယူကရိန်း ဆန္ဒပြသူတွေဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂၈ ရက်နေ့ကလည်း ကိဗ်မြို့တော်က ဆန္ဒပြရင်ပြင်မှာ ဆက်လက်စုဝေးဆန္ဒပြခဲ့ကြပါတယ်။ Ukraineယူကရိန်းသမ္မတ ဗစ်တာ ယာနူကိုဗစ်ဟာ ဆန္ဒပြသူတွေကို အလျော့ပေးတဲ့အနေနဲ့ ၀န်ကြီးချုပ် နုတ်ထွက်တာကို လက်ခံခဲ့ပြီး ဇန်န၀ါရီ ၁၆ ရက်က ထုတ်ပြန်ခဲ့တဲ့ ဆန္ဒပြခွင့်ကို ပိတ်ပင်တဲ့ ဥပဒေကိုလည်း ပြန်လည် ရုပ်သိမ်းခဲ့ပါတယ်။ အစိုးရရဲ့ တုံ့ပြန်ချက်တွေဟာ ၂ လကြာ ဖြစ်ပွားနေခဲ့တဲ့ ဆန္ဒပြမှုတွေရဲ့ ပထမဆုံး တိုးတက် ဖြစ်ထွန်းမှုတွေပဲ ဖြစ်ပါတယ်။ ဆန္ဒပြခွင့်ကို ပိတ်ပင်တဲ့ဥပဒေဟာ အခြေခံ လူအခွင့်အရေးကို ချိုးဖောက်တာ ဖြစ်တာ ဖြစ်တဲ့အတွက် အဲဒီ ဥပဒေ ပြန်လည်ရုပ်သိမ်းရေးဟာ ဆန္ဒပြသူတွေရဲ့ အဓိကတောင်းဆိုချက် တချက် ဖြစ်ခဲ့ပါတယ်။ အဓိကကျတဲ့ တခြားတောင်းဆိုမှုတွေကိုတော့ မလုပ်ဆောင်ပေးသေးဘူးလို့ အတိုက်အခံတွေက ဆိုကြပါတယ်။ ဆန္ဒပြသူတွေနဲ့ အတိုက်အခံတွေက သမ္မတ ယာနူကိုဗစ်ကို နုတ်ထွက်ပေးဖို့ကိုပဲ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။ နိုဝင်ဘာလကုန်ပိုင်းက စခဲ့တဲ့ အစိုးရဆန့်ကျင်ဆန္ဒပြပွဲတွေဟာ ပြီးခဲ့တဲ့ ၁ ပတ်အတွင်း ပြင်းထန်လာခဲ့ပြီး အနည်းဆုံးလူ ၃ ဦး သေဆုံးခဲ့ပါတယ်။ ရဲတွေအပါအ၀င် ရာနဲ့ချီပြီး ဒဏ်ရာရရှိခဲ့ကြပါတယ်။ ဆန္ဒပြပွဲတွေဟာ အခုနောက်ပိုင်းမှာ နိုင်ငံရဲ့ အခြားပြည်နယ်တွေကိုလည်း ကူးစက်ဖြစ်ပွားခဲ့ပါတယ်။

//
More News
Up