ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်ခံထားရတဲ့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စစ်ကောင်စီက စွဲဆိုထားတဲ့ ရွေးကောက်ပွဲ မလျော်သြဇာသုံးမှုတွေအတွက် ဇန်နဝါရီ ၅ ရက်နေ့မှာ ရုံးထုတ်စစ်ဆေးခဲ့ပြီး၊ တရားလိုသက်သေ မလာတဲ့အတွက်ကြောင့် အမှုမစစ်ဖြစ်ဘူးလို့ တရားရုံးနဲ့နီးစပ်တဲ့သူတွေက ဒီဗွီဘီကို ပြောပါတယ်။
အဲဒီအမှုတွေအတွက် ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို ကျိုက်မရောဗဟိုအကျဉ်းထောင်ရှိ အထူးတရားရုံးမှာ ရုံးထုတ်ခဲ့တာဖြစ်ပြီး၊ တရားလို သက်သေဖြစ်တဲ့ စစ်ကောင်စီရဲ့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ရုံးချိန်းမလာလို့ အမှုမစစ်ခဲ့တာပါ။
အခုရုံးချိန်းမှာ အမှုမစစ်ဖြစ်တဲ့အတွက်ကြောင့် နောက်ရုံးချိန်းကို လာမယ့် ဇန်နဝါရီ ၁၂ ရက်နေ့ကို ရွှေ့ဆိုင်းခဲ့တာပါတယ်။
ရုံးချိန်းလာတဲ့ ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ ကျန်းမာရေး ကောင်းမွန်နေတယ်လို့ တရားရုံးနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
ဝန်ကြီးချုပ် ဒေါက်တာအေးဇံကိုတော့ စစ်ကောင်စီက ရွေးကောက်ပွဲမှာ မလျော်သြဇာသုံးတယ်ဆိုပြီး ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၃၀ (က) နဲ့ အမှု ၁ မှု၊ ပုဒ်မ ၁၇၁ (စ) အမှု ၂ မှု ဖွင့်လှစ်ထားတာပါ။
ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ စစ်ကောင်စီက စွဲဆိုထားတဲ့ အဂတိလိုက်စားမှု အမှု ၉ မှု အပါအဝင် အမှုပေါင်း ၁၂ မှုအတွက် တရားရင်ဆိုင်နေရပါတယ်။