Home
မြန်မာသတင်း
မတူပီတွင် CDF နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွား
DVB
·
January 5, 2022

ချင်းပြည်နယ် မတူပီမြို့နယ်မှာ မတူပီ CDF နဲ့ စစ်ကောင်စီတပ်တို့ ဇန်နဝါရီ ၄ ရက်နေ့ မနက်ပိုင်းနဲ့ ညနေပိုင်းတွေမှာ တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အရာရှိတစ်ယောက်အပါဝင် ၃ ယောက် သေဆုံးခဲ့ကာ တပ်သားတချို့ ဒဏ်ရာရရှိသွားတယ်လို့ မတူပီ CDF ရဲ့ ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။

မတူပီ-ဟားခါးလမ်း ဖနိုင်နဲ့ ငါးလိုင်ရွာကြားမှာ မနေ့က မနက် ၆ နာရီလောက်က အင်အားအလုံးရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေနဲ့ မတူပီ CDF တို့တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲဟာ အချိန်တစ်နာရီလောက် အပြန်အလှန်ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီဘက်က အထိနာတာကြောင့် မနက် ၇ နာရီလောက်မှာ ပြန်လည်ဆုတ်ခွာသွားကြကြောင်း၊ အဲဒီနေရာမှာပဲ ညနေ ၃ နာရီလောက် အပြန်အလှန်တိုက်ပွဲ ထပ်ဖြစ်ခဲ့ပြီး မတူပီ CDF ဘက်က အထိခိုက်အကျဆုံးမရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

မတူပီမြို့နယ်မှာ ဇန်နဝါရီ ၃ ရက်နေ့ကလည်း စစ်ကောင်စီတပ်တွေနဲ့ မတူပီ CDF တို့တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားကာ စစ်ကောင်စီတပ်သား ၅ ယောက်သေဆုံးပြီး ၁၀ ယောက်ဒဏ်ရာရရှိကာ တပ်သား ၂ ယောက်ကို အရှင်ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ပွဲတွေအတွင်းမှာ ထိခိုက်၊ သေဆုံး ဖမ်းဆီးခံရတာတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

ချင်းပြည်နယ် ဖလမ်းမြို့နယ်မှာလည်း ဒီဇင်ဘာ ၄ ရက်နေ့မနက်ပိုင်းက CNDF တပ်ဖွဲ့က ထောင်ထားတဲ့ မိုင်းတွေ နင်းမိပြီးတော့ စစ်ကောင်စီတပ်သား တစ်ယောက် သေဆုံးပြီး အများအပြား ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

ဖလမ်းမြို့နယ် သီးဘွာလ်စခန်းမှာရှိတဲ့ စစ်ကောင်စီတပ်သားတွေဟာ ဒီကနေ့မနက် ၁၀ နာရီလောက်က နယ်မြေရှင်းလင်းရေးလုပ်တဲ့အချိန်မှာ မိုင်းနင်းမိတာလို့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) ရဲ့ ပြန်ကြားရေးတာဝန်ခံက DVB ကို ပြောပါတယ်။

“အဲဒီမိုင်းတွေ ပေါက်ကွဲပြီးတဲ့နောက်မှာ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရမ်းသန်းပြီးတော့ ပြန်ပစ်တယ်ဗျ။ ကျနော်တို့ CNDF တပ်ဖွဲ့ဘက်က ရဲဘော်တွေ အထိခိုက်အကျဆုံး မရှိဘဲနဲ့ အောင်အောင်မြင်မြင် ဆုတ်ခွာနိုင်ခဲ့ကြတယ်။”

သီးဘွာလ်စခန်းနားမှာတော့ ဇန်နဝါရီ ၄ ရက် ညနေပိုင်းမှာ ရဟတ်ယာဥ် ပျံဝဲနေတာ တွေ့ရပြီး သေဆုံးဒဏ်ရာရသူတွေကို လာသယ်တာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

အဲဒီမိုင်းကွဲတဲ့ဖြစ်စဥ်မှာ ထိခိုက်သေဆုံးတဲ့ အခြေအနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024