ထီးလင်းမြို့နယ်မှာ ငွေကျပ် သိန်း ၂၀ ဖောက်ထွင်း ခိုးယူမှုတစ်မှုကို ပြည်သူ့ရဲတပ်ဖွဲ့ (ထီးလင်း)နဲ့ YDF ထီလင်းတို့ ပူးပေါင်းပြီးတော့ ဇန်နဝါရီ ၄ ရက်နေ့ မွန်းလွဲပိုင်းမှာ စုံစမ်းဖော်ထုတ်နိုင်ခဲ့တယ်လို့ YDF-ထီးလင်းဆီက သိရပါတယ်။
ထီးလင်းမြို့နယ် ဇီးတောကျေးရွာက ပြည်သူတစ်ယောက်ရဲ့နေအိမ်မှာ ဒီဇင်ဘာ ၃၁ ရက်နေ့ နေ့လယ်ပိုင်းက ငွေကျပ် သိန်း ၂၀ ဖောက်ထွင်း ခိုးယူခံခဲ့ရတယ်ဆိုပြီးတော့ YDF-ထီးလင်းထံကို တိုင်ကြားလာတာကြောင့် CDM ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်သူ့ရဲတပ်ဖွဲ့ (ထီးလင်း) နဲ့ ပူးပေါင်းပြီးတော့ ဖော်ထုတ်ပေးခဲ့တာလို့ YDF ထီးလင်းရဲ့ ခေါင်းဆောင်က ဒီဗွီဘီကို ပြောပါတယ်။
အမှုလာတိုင်တဲ့သူတွေကို စစ်ကောင်စီရဲ့ ရဲကို သွားတိုင်ပါလားလို့ ပြောလိုက်တော့ ရဲသွားတိုင်လည်း ဘာမှလုပ်ပေးနိုင်မှာ မဟုတ်ပါဘူးလို့ ပြန်ပြောတာကြောင့် ကူညီဖြေရှင်းပေးလိုက်တာလို့ ဆိုပါတယ်။
ပြည်သူ့ရဲတပ်ဖွဲ့ (ထီးလင်း) နဲ့ YDF(ထီးလင်း) တို့ဟာ အခင်းဖြစ်နေရာကို သွားရောက်ပြီး စစ်ဆေးမေးမြန်ရာ ဇန်နဝါရီ ၄ ရက်နေ့ မွန်းလွဲ ၂ နာရီကျော်လောက်မှာ စုံစမ်းဖော်ထုတ်နိုင်ခဲ့ပြီး ငွေကျပ် သိန်း ၂၀ ကို ပိုင်ရှင်လက်ထဲ လွှဲပြောင်းပေးနိုင်ခဲ့တယ်လို့ ပြောပါတယ်။
ပြစ်မှု ကျူးလွန်တဲ့သူဟာလည်း ယခင်က ပြစ်မှုတစ်စုံတရာ ကျူးလွန်ခဲ့တာမျိုး မရှိခဲ့ဘဲ စစ်ကောင်စီလက်ထက်မှာ စားဝတ်နေရေးခက်ခဲလို့ ကြံမိကြံရာ လုပ်လိုက်တာလို့ ဝန်ခံထွက်ဆိုတာကြောင့် နောက်ထပ်ပြစ်မှုကျူးလွန်ရင် ပြင်းပြင်းထန်ထန်အရေးယူမယ်လို့ သတိပေးစကားပြောပြီး မှတ်တမ်းထားရှိကာ ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ပြစ်မှုကျူးလွန်သူနဲ့ ပတ်သက်ပြီး သူ့မိသားစုတွေရဲ့ ဂုဏ်သိက္ခာကို ငဲ့ကွက်တဲ့အနေနဲ့ အမည်နဲ့ နေရပ်လိပ်စာတွေကို ထုတ်ဖော်မပြောတာလို့ သိရပါတယ်။
YDF-ထီးလင်း အနေနဲ့ ပြည်သူ့ရဲတပ်ဖွဲ့(ထီးလင်း)နဲ့ ပူးပေါင်းကာ အာဏာသိမ်းစစ်ကောင်စီကို လက်နက်ကိုင် တိုက်ပွဲဝင်နေသလို ဒေသအတွင်း တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေနဲ့ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ပေးသွားမယ်လို့ ဆိုပါတယ်။