မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်အတွင်းက ကျေးရွာတချို့မှာ အခြေခံပညာအဆင့် ကျောင်းသားတွေကို ကျောင်းအပ်ကြဖို့ အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူး ဆယ်အိမ်မှူးတွေက လိုက်လံဖိအားပေးနေတယ်လို့ စဉ့်ကူးနယ်ခံတွေဆီက သိရပါတယ်။
ဇန်နဝါရီ ၃ ရက်နေ့ကနေစပြီး စဉ့်ကူးမြို့နယ် ကျည်တောက်ပေါက်ကျေးရွာမှာ ကျောင်းသားတွေကို ကျောင်းအပ်ကြဖို့ အသံချဲ့စက်နဲ့ လိုက်လံ နှိုးဆော်ခဲ့တယ်လို့ သိရပါတယ်။
စဉ့်ကူးမြို့ခံတဦးက “ဒီရက်ပိုင်းကို နောက်ဆုံးထားပြီး ကျောင်းအပ်ဖို့နဲ့ ကျောင်းမအပ်ရင် မိဘတွေရဲ့ တာဝန်သာဖြစ်တယ်လို့ အသံချဲ့စက်နဲ့ လိုက်အော်တယ်”လို့ ပြောပါတယ်။
ဒါ့အပြင် ကျောင်းသားမိဘတွေကို အစည်းအဝေးခေါ်ပြီး ကျောင်းလာအပ်ဖို့ ပြောကြားသလို ရာအိမ်မှူးနဲ့ ဆယ်အိမ်မှူးတွေရဲ့ အမျိုးသမီးတွေက တစ်အိမ်တက်ဆင်း ကျောင်းအပ်ကြဖို့ လိုက်လံစည်းရုံးခဲ့ကြပြီး ကျောင်းမအပ်တဲ့သူတွေအနေနဲ့လည်း တခုခုဖြစ်လာပါက မိဘတွေရဲ့ တာဝန်သာဖြစ်ကြောင်း ခြိမ်းခြောက်တာတွေရှိနေတယ်လို့ သိရပါတယ်။
စစ်ကောင်စီလက်အောက်ခံ ဆယ်အိမ်မှူး ၁ ဦးကို ကျောင်းသား ၃ ဦးရအောင် စုဆောင်းပေးဖို့ အတင်းအကျပ် ဖိအားပေးခံထားရကြောင်း၊ ကျောင်းသားမိဘတွေအနေနဲ့လည်း မိမိတို့ ကလေးကို ကျောင်းမထားပါက နေအိမ်ကို ဘူဒိုဇာနဲ့ လာဖျက်ဆီးမယ်ဆိုပြီး ခြိမ်းခြောက်တာတွေ ရှိတယ်လို့ သိရပါတယ်။
အခုလို အတင်းအကျပ် ကျောင်းအပ်ကြဖို့ မလုပ်ဆောင်ခင်က ကျောင်းတွေမှာ ကျောင်းတက်သူ ကျောင်းသား ကျောင်းသူ ၂၀ ကနေ ၃၀ အတွင်းသာ ရှိခဲ့ပြီး လတ်တလော ခြိမ်းခြောက်ခံရပြီးနောက်မှာတော့ ကျောင်းအပ်သူ အများအပြားရှိလာတယ်လို့ နယ်ခံတွေဆီက သိရပါတယ်။