ရှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် မိုင်းကိုင်မြို့နယ်ထဲမှာ ဇန်နဝါရီ ၄ ရက်မနက်ပိုင်းက ကျွဲကျောင်းသွားတဲ့ မြေးအဘိုး ၃ ယောက် မိုင်းစထိမှန်ဒဏ်ရာရခဲ့ကြပါတယ်။
မိုင်းကိုင်မြို့နယ် နောင်စံဖူးအုပ်စု ပန်နိမ်ရွာက ပေါ့စံဦး (၆၅ နှစ်) နဲ့ မြေး ၂ ယောက်ဖြစ်တဲ့ အိုက်ကစ် (၁၅ နှစ်)၊ အိုက်စံ (၁၂ နှစ်) တို့ ၃ ဦးဟာ သူတို့ခွေးကလေးနဲ့အတူ ကျွဲကျောင်းထွက်ခဲ့ပါတယ်။ မနက် ၁၀ နာရီလောက် တောစပ်နားအရောက် ခွေးကလေးက ပြေးရင်းလွှားရင်း မိုင်းနင်းမိပြီး အခင်းဖြစ်နေရာမှာ သေသွားခဲ့သလို မြေးအဘိုး ၃ ယောက်လုံးလည်း မိုင်းစထိမှန်ဒဏ်ရာရခဲ့တယ်လို့ မိုင်းကိုင်မြို့ခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။
“မနေ့က မိုင်းကိုင်ဆေးရုံကို လူနာကြည့်သွားရင်း မိုင်းထိလူနာရှိတယ်ဆိုလို့ သူတို့ကိုပါ ဝင်ကြည့်ခဲ့တယ်။ အဘိုးကြီး ၁ ယောက်နဲ့ ၁၂ နှစ်ရွယ် မြေးတယောက် ဒဏ်ရာပြင်းထန်လို့ သွေးသွင်းနေရတယ်၊ သူ့မြေးနောက်တယောက်တော့ မျက်နှာနဲ့လက်မှာထိပြီး ဒဏ်ရာမပြင်းလို့ ဆေးထည့်ပြီး ပြန်သွားပြီတဲ့ခင်ဗျ၊ အဘိုးကြီးက မျက်နှာမှာလည်းမှန်တယ်၊ ခြေထောက်လည်း နာတယ်၊ မြေးလေးက နောက်စေ့နဲ့ လက်နှက်ဖက်မှာ ထိတယ်၊ ကျွဲသွားကျောင်းတာ ခွေးက မိုင်းကို တိုက်မိပြီး သူတို့ပါ ထိတာတဲ့ ခွေးကတော့ အဲဒီမှာပဲ သေသွားတယ်။”
သူတို့ကို နောင်စံဖူးရွာသားတွေက မိုင်းကိုင်ဆေးရုံကို ကားနဲ့လာပို့ပေးပြီး ဆေးဖိုးဝါးခကိုတော့ မိုင်းကိုင်ဆေးရုံကြီး အခမဲ့ကုသပေးနေကြောင်း၊ ဆောင်းတွင်းဖြစ်တာကြောင့် အနွေးထည်နဲ့ စောင်တွေ လိုအပ်နေတယ်လို့ မိုင်းကိုင်ဒေသခံက ပြောသွားပါတယ်။
မိုင်းကိုင်မြို့နယ်ထဲမှာ ရှမ်းတပ် SSPP ပါတဲ့ တပ်ပေါင်းစုနဲ့ ရှမ်းတပ် RCSS တပ်ဖွဲ့ဝင်တွေကြား ၆ လကျော် တိုက်ပွဲဖြစ်နေပြီး တဘက်နဲ့တဘက် မိုင်းထောင်ထားတာတွေရှိနေပြီး ရွာသားနဲ့ ကျွဲနွား တိရစ္ဆာန်တွေပါ မိုင်းနင်းမိကာ သေကျေဒဏ်ရာရနေကြတာပါ။