ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ပါမွန်ချောင်းရွာက ကျေးရွာသား ၁၉ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားသလို ဟားခါးလေးကျေးရွာသား ၂ ယောက်လည်း ဖမ်းဆီးခံရပြီး ပျောက်ဆုံးနေတယ်လို့ ကျေးရွာ ဒေသခံတွေဆီက သိရပါတယ်။
ပါမွန်ချောင်းကျေးရွာဘက်မှာ စစ်ကောင်စီတပ်သား အင်အား ၁၀၀ လောက်နဲ့ ဇန်နဝါရီ ၃ ရက် မွန်းလွဲပိုင်းက ကလေးမြို့နယ် ချောင်းခွကျေးရွာဘက်တွေကို ပြန်ဆင်းလာကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီက ဇန်နဝါရီ ၃ ရက် ညနေပိုင်းမှာ ဖမ်းဆီးထားတဲ့ ၁၉ ယောက်ကို ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒီဇင်ဘာ ၂၉ ရက်က ဟားခါးလေးကျေးရွာအတွင်းကို စစ်ကောင်စီတပ် ဝင်ရောက်လာစဉ်က ဖမ်းဆီးခဲ့တဲ့ အသက် ၅၀ ဝန်းကျင် ကျေးရွာသားနှစ်ဦးကို ဒီနေ့အချိန်အထိ ပြန်မလွှတ်ပဲ ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ဒီမနက် ချောင်းခွဘက်ဆင်းလာချိန်မှာ ပါမွန်ချောင်းရွာသား ၁၉ ယောက်ကို ဖမ်းခေါ်သွားတယ်။ တောလမ်းအတိုင်း ဟားခါးလေးကျေးရွာကို ပတ်တယ်။ ဟားခါးလေးရွာအရှေ့ဘက် ရောက်တဲ့အချိန်လောက်ကျတော့ ဟဲလုပ်ရွာဘက်က သေနတ်သံ ကြားရတယ်၊ ဖမ်းခံရတဲ့ ပါမွန်ချောင်းရွာသား ၁၉ ယောက်ကို ပြန်တော့လွှတ်ပေးကြပါတယ်။ ဟားခါးလေးရွာက ရွာသားနှစ်ယောက်ကို ဖမ်းခေါ်သွားတာကိုတော့ အခုချိန်ထိ ပြန်မလွှတ်သေးဘူး။ သူတို့ ဘာလုပ်လိုက်ကြတာလဲ မသိဘူး”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒေသခံ နောက်တစ်ဦးကလည်း “အယောက် ၁၀၀ လောက် နတ်ချောင်းဘက်ကို ဆင်းလာတယ်။ ပါမွန်ချောင်းမှာ အယောက် ၁၉ ယောက်လောက် ဖမ်းထားတယ်။ ဘုရားရဲ့ကျေးဇူးတော်ကြောင့် ဟားခါးကနေ ပြန်လွှတ်ပေးတယ်”လို့ ပြောပါတယ်။
ကလေးမြို့နယ် ချောင်းခွ ကျေးရွာ၊ နတ်ချောင်း၊ နတ်မြောင်း နဲ့ ဟားခါးလေး၊ ပါမွန်ချောင်းကျေးရွာတွေကို စစ်ကောင်စီက ဝင်ရောက်ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးကာ နေအိမ်အတွင်းက အဖိုးတန်ပစ္စည်းတွေကို စစ်ကောင်စီက ယူဆောင်သွားတယ်လို့သိရပါတယ်။
ဇန်နဝါရီ ၁ ရက်နေ့ကလည်း ကလေးမြို့နယ်တောင်ပိုင်း ကြံသာကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဒရုန်းတွေနဲ့ ထောက်လှမ်းမှုပြုလုပ်ပြီး ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ရာမှာ စစ်ကောင်စီ တပ်သား အများအပြား သေဆုံးခဲ့တယ်လို့ သိရပါတယ်။