စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တို့ ဇန်နဝါရီ ၂ ရက်က တိုက်ပွဲဖြစ်ခဲ့ပြီး ဧရာဝတီမြစ်အတွင်း သင်္ဘောပေါ်ကနေ ထီးချိုင့်မြို့နယ် ဆင်ကျွန်းရေလယ်ကျွန်းကျေးရွာတွေကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးလောင်ကျွမ်းခဲ့ပြီး လူငယ်တစ်ဦး ဦးခေါင်းထိမှန်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ ဇန်နဝါရီ ၂ ရက် နေ့လယ်ပိုင်းနဲ့ ညနေ ပိုင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ကျေးရွာတွေ အတွင်း အသက် ၂၀ အရွယ် လူငယ် တစ်ဦး သေဆုံးတဲ့အပြင် စစ်တန်းကျေးရွာသားတစ်ဦး ပေါင်မှာ ထိမှန်သွားခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ သင်္ဘောကိုလည်း ထီးချိုင့်မြို့နယ်အတွင်း နှစ်နေရာမှာ မိုင်းတွေ၊ လက်နက်ကြီး တွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်ထား ပါတယ်။
ဇန်နဝါရီ ၂ ရက် နေ့လယ် ၂ နာရီကျော်လောက်က စစ်ကောင်စီသင်္ဘောကို ထီးချိုင့်မြို့နယ် တုံငယ်နဲ့ ဘိုကုန်းကျေးရွာအနီးမှာ ပထမအကြိမ် လက်နက်ကြီးတွေ တိုက်ခိုက်ခဲ့ပြီး ညနေ ၄ နာရီ ကျော်လောက်မှာ စစ်ကောင်စီသင်္ဘောကို ဆင်ကျွန်းသော် ကျေးရွာအနီးမှာ မိုင်းလေးလုံးဖောက်ခွဲပြီး ထပ်မံ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်သားတွေ အထိအခိုက် အသေအပျောက်များနိုင်ပြီး စာရင်းအတိအကျ မသိရသေးဘူးလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ ထီးချိုင့်မြို့နယ် မြစ်ကမ်းပေါ်မှာ ကားတွေနဲ့လှည့်ပတ်ပြီး မော်တော်ယာဉ်တွေကို ထွက်ခွင့်မပေးတာတွေအပြင် သင်္ဘောပေါ်ကလည်း ပစ်ခတ်နေတာကြောင့် ကမ်းနဖူးမှာရှိတဲ့ ကျေးရွာတွေက ဒေသခံတွေ ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
မြတောင်ဆိပ်ကမ်းမှာ ရပ်နားထားတဲ့ စစ်ကောင်စီတပ်ရဲ့ သင်္ဘောတွေဟာ တကောင်း၊ ကြာညှပ်ဆိပ်ကမ်းကိုဖြတ်ပြီး အထက်ကို ဆက်လက်ဆန်တက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။