Home
မြန်မာသတင်း
စေ့စပ်ညှိနှိုင်းရေးမလုပ်ဘဲ စစ်အာဏာရှင်အမြစ်ပြတ်သည့်အထိတိုက်ပွဲဝင်မည်ဟု ဒီပဲယင်းPDF ကြေညာ
DVB
·
January 3, 2022

စစ်ခေါင်းဆောင်တွေနဲ့  စေ့စပ်ညှိနှိုင်းတာနဲ့  ရန်သူ့လက်အောက် လက်နက်ချတဲ့ အတွေးအခေါ်ကို ငြင်းပယ်ပြီး စစ်အာဏာရှင်စနစ် အမြစ်ပြတ်တဲ့အထိ တိုက်ပွဲဝင်သွားမယ်လို့  ဒီပဲယင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ကြေညာပါတယ်။

တော်လှန်ရေးကာလတလျှောက်မှာ လက်တွေ့မြေပြင်အတွေ့အကြုံတွေနဲ့ သမိုင်းသင်ခန်းစာတွေအရ တော်လှန်ရေးလမ်းကြောင်းကို ထိခိုက်အားနည်းစေတဲ့ အဖျက်အမှောင့် အတွေးအခေါ်တွေကို သတိမူပြီး ငြင်းပယ်သွားကြဖို့ လိုတယ်လို့ ဒီပဲယင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ သတ်မှတ်တာကြောင့် အခုလို ထုတ်ပြန်တာလို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံအတွင်း သမိုင်းအစဉ်အဆက်လူထုလှုပ်ရှားမှုတွေ အားနည်းပျက်စီးခဲ့ရတဲ့ အကြောင်းရင်းတွေထဲက တခုက ရန်သူ စစ်အာဏာရှင်တွေနဲ့ စေ့စပ်ညှိနှိုင်းဖို့ ကြိုးစားခဲ့တာတွေကြောင့် ဖြစ်ပြီး ၁၉၈၈ လူထုလှုပ်ရှားမှုမှာ  စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးအတွက် လက်နက်ကိုင်လမ်းစဉ်ကို သွားခဲ့ကြသူတွေ ရှိခဲ့သလို စစ်အာဏာရှင်တွေနဲ့ စေ့စပ်ညှိနှိုင်းပြီး ရွေးကောက်ပွဲလမ်းစဉ် သွားခဲ့ကြသူတွေလည်းရှိလို့ မညီညွတ်တဲ့ လမ်းစဉ်တွေရဲ့ ရလဒ်အနေနဲ့ အမြစ်ဖြတ်ရေး လက်နက်ကိုင်အင်အားစုတွေ အားနည်းခဲ့ရတယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲလမ်းစဉ် လျှောက်သူတွေဟာလည်း  စစ်တပ်ရဲ့ လှည့်ဖျားတာကိုပဲ ခံခဲ့ရပြီး ၂၀၁၀ နဲ့ နောက်ပိုင်း ရွေးကောက်ပွဲတွေဟာလည်း စစ်အာဏာရှင် လူတစုရဲ့ အသက်ရှူချောင်နိုင်ဖို့ ထွက်ပေါက်ရှာတဲ့ လှည့်ဖျားမှု တခုပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီ သမိုင်းအတွေ့အကြုံတွေအရ စစ်အာဏာရှင်တွေနဲ့ စေ့စပ်ညှိနှိုင်းတာဟာ လည်ပင်းနဲ့ ဓားကြားက စေ့စပ်ညှိနှိုင်းရေးပဲဖြစ်တယ်လို့ ဒီပဲယင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတ်မှတ်တာကြောင့် ရန်သူ စစ်ခေါင်းဆောင်တွေနဲ့ စေ့စပ်ညှိနှိုင်းရေးအတွေးအခေါ်ကို ငြင်းပယ်ပြီး စစ်အာဏာရှင်စနစ် အမြစ်ပြတ်တဲ့အထိ တိုက်ပွဲဝင်သွားမယ်လို့ ဆိုပါတယ်။

နောက်ထပ် ငြင်းပယ်တဲ့ အတွေးအခေါ်တခုကတော့ ရန်သူ့လက်အောက် လက်နက်ချတာဖြစ်ပြီး စစ်အာဏာရှင်စနစ် အမြစ်မပြတ်ခင် ရန်သူစစ်အာဏာရှင်တွေရဲ့ မက်လုံးပေး လှည့်ဖျား ဆွဲဆောင်တာတွေကြောင့် လက်နက်ချခဲ့တဲ့ တော်လှန်ရေးအင်အားစုတွေရှိခဲ့ပြီး ဒါဟာ တော်လှန်ရေးကာလတလျှောက် အသက်သွေးချွေး ပေးဆပ် တိုက်ပွဲဝင်ခဲ့တဲ့ ရဲဘော်တွေနဲ့ ပြည်သူလူထုကို သစ္စာဖောက်တာဖြစ်သလို ငြိမ်းချမ်းရေးနာမည်ခံပြီး  ကိုယ်ကျိုး စီးပွားရှာတာ ဖြစ်တယ်လို့ဆိုပါတယ်။

ဒါကြောင့် ဒီပဲယင်းပြည်သူကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ ရန်သူ့လက်အောက် လက်နက်ချတဲ့ အတွေးအခေါ်ကို ပြတ်ပြတ်သားသားငြင်းပယ်ပြီး လှေခွက်ချည်းကျန် အလံမလှဲ စိတ်ဓာတ်နဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်တဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ပြီးတော့ ကျဉ်းမြောင်းတဲ့ ဒေသစွဲလူမျိုးစွဲ၊ ဘာသာစွဲ၊ ဂိုဏ်းဂဏ/ပါတီစွဲတွေဟာ သွေးခွဲရ လွယ်ကူစေသလို့ တခြားအင်အားစုတွေနဲ့ ညီညွတ်ရေးအတွက် လက်တွဲဖို့လည်း ခက်ခဲစေပြီး အထူးသဖြင့် လက်နက်ကိုင်လမ်းစဉ်လို ဗျူဟာတခုတည်း အောက်မှာလုပ်ရမဲ့အခြေအနေမှာ မညီမညွတ်သွေးကွဲနေရင် တိုက်ပွဲကို ကြာစေပြီး သူတလူ ငါတမင်း ဖြစ်လာနိုင်တာကြောင့် ဒီအတွေးအခေါ်ကိုလည်း စွန့်လွှတ်တယ်လို့ ဆိုပါတယ်။

နောက်တခုကတော့ လက်နက်အားကိုး အုပ်စုဖွဲ့အနိုင်ကျင့် အတွေးအခေါ်ဖြစ်ပြီး လက်ရှိတော်လှန်ရေးဟာ လက်နက်အားကိုးနဲ့ ပြည်သူအပေါ် အနိုင်ကျင့်တတ်တဲ့ စစ်အာဏာရှင်စရိုက်ဆိုးကို အမြစ်ဖြတ်ဖို့ လက်နက်ကိုင် တော်လှန်တာဖြစ်သလို လက်နက်ကိုင် တော်လှန်ရေးသမားတွေကိုယ်တိုင်က လက်နက်အားကိုးနဲ့ အုပ်စုဖွဲ့ အနိုင်ကျင့်တတ်တဲ့ စရိုက်ဆိုးကို မကျူးလွန်ဖို့ အရေးကြီးတယ်လို့ ဆိုပါတယ်။။

လက်နက်ကိုင် အုပ်စုဖွဲ့တာဟာ လူတွေရဲ့ စိတ်ကို ပြောင်းလဲစေပြီး လူထုတော်လှန်ရေးနဲ့ လက်နက်အားကိုး အုပ်စုဖွဲ့အနိုင်ကျင့်တာကို မရောထွေးသင့်ဘူးလို့ ဆိုပါတယ်။

ဒါကြောင့် လက်နက်ကိုင်တော်လှန်ရေးသမားတွေအနေနဲ့ တဖက်မှာ ဓားကိုင်ထားသလို တခြားတဖက်မှာလည်း တရားကို မြဲမြဲမြံမြံကိုင်ထားဖို့ လိုတယ်လို့ ထုတ်ပြန်ဖော်ပြထားပါတယ်။

ပြီးတော့ ထင်ပေါ်ကျော်ကြားတဲ့ လူပုဂ္ဂိုလ်တဦးတယောက်အပေါ် အခြေခံ တည်ဆောက်ထားတဲ့ တော်လှန်ရေးဟာ ရေရှည်မတည်တံ့နိုင်တဲ့အပြင် ရန်သူက ဖြိုဖျက်ဖို့လည်း လွယ်ကူပြီး အဖွဲ့အစည်းအတွင်း အပြန်အလှန်မထိန်းကြောင်းနိုင်ရင် အာဏာရှင်လို ဖြစ်လာတတ်တယ်လို့ ဆိုပါတယ်။

အဲဒီ တဦးတယောက်အပေါ်မှာ လူထုက မယုံကြည်တော့ရင် ဒါမှမဟုတ် အဲဒီတယောက် မရှိတော့ရင် စုဖွဲ့ထားတဲ့ အင်အားစုတခုလုံး ဦးဆောင်မှုပျောက်ပြီး ပြိုလဲကျသွားနိုင်တယ်လို့လည်း ဆိုပါတယ်။

ဒီပဲယင်းပြည်သူကာကွယ်ရေးတပ်ဖွဲ့ဟာ လွတ်လပ်မှု၊ တရားမျှတမှုတန်းတူညီမျှမှုနဲ့ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်မှုစတဲ့ အခြေခံမူတွေပေါ်မှာ ရပ်တည်ပြီး စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးအတွက် တိုက်ပွဲဝင်နေတယ်လို့လည်း ထုတ်ပြန်ဖော်ပြထားပါတယ်။

၂၀၂၀ ရွေးကောက်ပွဲနောက်ပိုင်းပေါ်လာတဲ့အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့မရှိဘူးလို့   အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း ပြောကြားထားပါတယ်။

ကုလသမဂ္ဂ၊ အာဆီယံနဲ့ နိုင်ငံတကာအသိုက်အဝန်းက မြန်မာ့အရေး သက်ဆိုင်သူတွေအားလုံး စေ့စပ်ညှိနှိုင်းဆွေနွေးကြဖို့ တိုက်တွန်းတောင်းဆိုနေတာဖြစ်ပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024