အီရန်ဗိုလ်ချုပ်ဆူလေမန်နီ လုပ်ကြံခံရမှု ၂ နှစ်ပြည့်အောက်မေ့ဖွယ်ပွဲ တီဟီရန်တွင် ကျင်းပ

အီရန်စစ်ဗိုလ်ချုပ် ကာဆမ် ဆူလေမန်နီ လုပ်ကြံခံရမှု ၂ နှစ်ပြည့်  အောက်မေ့ဖွယ်ခမ်းအနားကို အီရန်အစိုးရက  တီဟီရန်မြို့မှာ ကျင်းပခဲ့ပြီး သူတို့ လေးစားရတဲ့ခေါင်းဆောင် သေဆုံးရမှုမှာ လက်ရှိ အမေရိကန်အစိုးရမှာလည်း တာဝန်ရှိတယ်လို့ ပြောဆိုပါတယ်။

အမေရိကန်သမ္မတထရမ့်က ၂၀၂၀ ဇန်နဝါရီ ၃ ရက်မှာ အီရတ်နိုင်ငံကို ရောက်ရှိနေတဲ့ အီရန်စစ်ဗိုလ်ချုပ် ကာဆမ်ဆူလေမန်နီကို အဝေးထိန်းဒရုန်းယာဉ်နဲ့ လုပ်ကြံသတ်ဖြတ်ဖို့ အမိန့်ပေးခဲ့ပါတယ်။ 

ဆူလေမန်နီဟာ Quds Force ရဲ့ တပ်မှူးဖြစ်ပြီး၊ အဲဒီအဖွဲ့ဟာ လက်ဘနွန်ဟစ်ဇ်ဘိုလာ၊ ပါလက်စတိုင်း ဂျီဟဒ်အုပ်စုတွေနဲ့ ပူးပေါင်းထားတဲ့ အကြမ်းဖက်အဖွဲ့လို့ အမေရိကန်က ယူဆထားတာပါ။

မနေ့က အောက်မေ့ဘွယ်အခမ်းအနားမှာ အီရန်လေကြောင်းဆိုင်ရာစစ်ဗိုလ်ချုပ် ‘အာမီယာ အလီ ဟာဂျီဇဒက်’ က “ဆူလေမန်နီကို လုပ်ကြံတဲ့ အမေရိကန်တွေရဲ့ အဓိက ရည်ရွယ်ချက်က အီရန်ကို ချည့်နဲ့သွားစေဖို့ပါ။ အီရန်ကို ကာကွယ်ရေး၊ နိုင်ငံရေး၊ ဒေသအရေးတွေမှာ နောက်ဆုတ်သွားအောင် သူတို့ လုပ်ချင်တယ်။ အီရန်ရဲ့ တော်လှန်ရေးပုံရိပ်ကို ပျက်စီးသွား စေချင်တယ်”  လို့ ပြောပါတယ်။

သူက “ကျနော်တို့ရဲ့ ကြီးမြတ်ခေါင်းဆောင်ကို လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ ရာဇဝတ်မှုအတွက် အမေရိကန်အစိုးရမှာ တာဝန်လုံးလုံးရှိတယ်။ နိုင်ငံတကာဥပဒေကို  ချိုးဖောက်တဲ့ အကြမ်းဖက်တိုက်ခိုက်မှုဆိုတာ လုံးဝ ရှင်းပါတယ်။ အဲဒီအတွက် လက်ရှိ ဂျိုးဘိုင်ဒင်အစိုးရ မှာလည်း တာဝန်ရှိတယ်” လို့ ပြောခဲ့ပါတယ်။

More News
Up