မန္တလေးတိုင်း၊ ကျောက်ဆည်မြို့၊ ဈေးတန်းရပ်၊ မြို့မဈေးတောင်ဘက်က ထမင်းဆိုင်အနီးမှာ ဒီဇင်ဘာ ၃၁ ရက်၊ ညနေ ၃ နာရီဝန်းကျင်က ဗုံးပေါက်ကွဲခဲ့လို့ ထမင်းဆိုင်ပိုင်ရှင်အပါအဝင် ဒေသခံပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
အမည်မဖော်လိုတဲ့ဒေသခံတဦးက “ထမင်းဆိုင်နားမှာပေါက်တာ ထမင်းဆိုင်က နှစ်ယောက်နဲ့ လမ်းပေါ်သွားနေသူ တယောက် ဗုံးစမှန်တယ်။ တယောက်ကတော့ တော်တော်စိုးရိမ်ရတယ်ဗျ” လို့ ပြောပြပါတယ်။
ဗုံးစထိမှန်လို့ စိုးရိမ်ရတဲ့ပြည်သူတဦးကတော့ ပြည်သူ့ဆေးရုံမှာ အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူနေတယ်လို့ ဆေးရုံနဲ့နီးစပ်သူတွေဆီက သိရပါတယ်။
အဆိုပါပေါက်ကွဲမှုကို ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ ထုတ်ပြန်ကြေညာထားတာ မတွေ့ရှိရသေးပါဘူး။
ဗုံးပေါက်တဲ့နေရာအနီးရှိ ပြည်သူတယောက်က “အဲဒီနေရာက စစ်(--) တွေသွားလာတဲ့နေရာလည်း မဟုတ်ဘူး။ တမင်ရည်ရွယ်ချက်ရှိရှိ ပြည်သူကို ထိခိုက်စေချင်လို့ စစ်ကောင်စီက လုပ်တာဖြစ်နိုင်သလို PDF တွေရဲ့ ပုံရိပ်ကျဆင်းအောင် စစ်တပ်က လုပ်တာဖြစ်နိုင်တယ်''လို့ သုံးသပ်ပြောဆိုပါတယ်။
ကျောက်ဆည်မြို့နယ် မင်းဝံကျေးရွာမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက်က အသက် ၁၅ နှစ်အောက် ကလေးငယ် ၁၀ ယောက်ကို စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးသွားခဲ့လို့ ဒီဇင်ဘာ ၁၄ ရက်နေ့မှာ မိဘတွေက ငွေနဲ့ပြန်ရွေးခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက်နေ့ကလည်း ကျောက်ဆည်မြို့၊ ရဲစုရပ်ကွက်က ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်း ဦးတိုးကို ပုဂ္ဂိုလ်ရေး အမြင်မကြည်လင်တဲ့ စစ်ကောင်စီခန့် လက်ရှိအုပ်ချုပ်ရေးမှူး ဦးသန်းစိန်(ခ)ဝမ်းတူး က စစ်ကောင်စီကို မဟုတ်မမှန် သတင်းပေးခဲ့တာကြောင့် ဖမ်းဆီးခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။