စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေအကြား ပြောက်ကျားစနစ်နဲ့ ပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီဘက်က ၄ ယောက် သေဆုံးခဲ့တယ်လို့ ရေဦး PDFအဖွဲ့တွေက သိရပါတယ်။
ရေဦး PDFအဖွဲ့နဲ့ စစ်ကောင်စီ စစ်ကြောင်းတို့ ဒီဇင်ဘာ ၃၁ ရက်က ညောင်ကန်နီနဲ့ ဝက်ဖြူအနီး မှာ ထိတွေ့တိုက်ခိုက်မှုဖြစ်ခဲ့တာလို့ PDFအဖွဲ့တွေက ဆိုပါတယ်။
“ရေဦးမြို့နယ်က တော်လှန်ရေးအဖွဲ့တွေနဲ့ စစ် (--) စစ်ကြောင်းတို့ ညောင်နီကန်၊ ဝက်ဖြူအနီးပြောက်ကျားစနစ်နဲ့ ထိတွေ့မှုဖြစ်ပြီး စစ် (--) လေးကောင်ကို ဆုံးမနိုင်ကြောင်း ကနဦး သတင်းရရှိပါတယ်”လို့ ရေဦး PDFအဖွဲ့က ပြောပါတယ်။
ဒီဇင်ဘာ ၃၁ ရက်မနက်ပိုင်းမှာလည်း ရေဦးမြို့နယ် အင်တောကျေးရွာက လာတဲ့စစ်ကောင်စီတပ်ဟာ တန့်ဆည်မြို့နယ် ရွာသာယာကျေးရွာက စစ်ကောင်စီတပ်နဲ့ပူးပေါင်းပြီး တန့်ဆည်မြို့နယ် ငနုချောင်းကျေးရွာ အကျော်လောက်မှာ ကုန်းရိုးကျေးရွာ သုသာန်မှာ ရပ်နားနေစဉ် သုသာန်အနီးက ကောက်လိုင်းစည်းနေတဲ့ တောင်သူနှစ်ယောက်ကို သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဒီလိုပစ်ခတ်ခဲ့မှုကြောင့် တောင်သူနှစ်ယောက်အနက် တယောက်က ကျည်ထိသွားလို့ နေရာမှာ ကျန်ခဲ့ပြီး ကျန်တယောက်ကတော့ ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။
အနီးနား ကျေးရွာဒေသခံတွေအနေနဲ့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။