ပဲခူးတိုင်းအနောက်ပိုင်း၊ ပြည်မြို့၊ ပြည်သာယာရပ်ကွက်က PDF ရဲဘော်တယောက်ရဲ့ အိမ်ကို စစ်ကောင်စီတပ်တွေက ဒီဇင်ဘာ ၃၁ ရက်က ၀င်ရောက်ရှာဖွေရာ မတွေ့တဲ့အတွက် ၁ နှစ်ခွဲ အရွယ် ကလေးတယောက်အပါအ၀င် မိသားစု၀င်တွေကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ အိမ်နီးချင်း တယောက်က ပြောပါတယ်။
ပြည်သာယာရပ်ကွက်၊ အောင်ဆန်း အပိုင်း(၁)မှာ မိသားစုနဲ့အတူနေထိုင်သူ ငြိမ်းချမ်းကိုကိုဟာ ပြည် PDF အဖွဲ့က တပ်ဖွဲ့တာ၀န်နဲ့ ပြည်မြို့ကို ခေတ္တရောက်ချိန် ရပ်ကွက်နေ ဒလန်တယောက်ရဲ့ သတင်းပေးမှုကြောင့် အခုလို သတင်းပေါက်ကြားပြီး ၀င်ရောက်ရှာဖွေခံရတာလို့ အိမ်နီးချင်းက ပြောပါတယ်။
အဲ့ဒါနေ့ ညနေ ပိုင်းလောက်မှာ အိမ်ကို ၀င်ရှာရင်း မတွေ့တဲ့အတွက် သူ့အမေ၊သူ့အစ်ကို၊ သူ့ ညီမ၊ သူ့ ညီနဲ့ တနှစ်ခွဲအရွယ်သူ့ သမီးလေးကို ဓားစာခံအနေနဲ့ ဖမ်းဆီးခေါ်ဆောင်သွားတာပါ။
သူတို့ကို ဖမ်းဆီးသွားပြီးနောက် ည ၇ နာရီလောက်မှာ စစ်တပ်တာဝန်ရှိသူက ကာယကံရှင်ထံ ဖုံးဆက်ပြီး မိသားစုတွေကို လက်ဖျားနဲ့ မထိကြောင်းနဲ့ လူစားလဲ အဖမ်းလာခံဖို့ ဒါမှ မဟုတ်သူရှိ နေတဲ့ နေရာမှာ ခေါ်ပေးမယ်လို့ ဆက်သွယ်လာကြောင်းနဲ့ သူ့အနေနဲ့ စဥ်းစားဦးမယ်လို့ အဖြေ ပြန်ပေးလိုက်ကြောင်း ကိုငြိမ်းချမ်းကိုကိုက ပြောပါတယ်။
အဖမ်းခံရသူတွေက ဒေါ်တင်လှ၊ ကိုငြိမ်းချမ်း၊ ကိုဟိန်းရဲအောင်၊ ကိုဖြိုး၊ မဟေမာလွင်နဲ့ ခြူးရတီတို့ ဖြစ်ပြီး သူတို့ အားလုံးကို ပြည်မြို့က ၉၅၉ စစ်တပ်မှာလတ်တလော ချုပ်နှောင်ထားတယ်လို့ သိရပါတယ်။